ကော့ကရိတ်မြို့နယ် ပြည်နယ်တာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းကြည့်ရှု

၉ ဇွန်လိုင် ၂၀၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကော့ကရိတ်မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ (ဒုတိယနှစ်စက်ဝန်း) တွင် လုပ်ဆောင်ခဲ့သည့် ရေကျော်ကြီးအုပ်စု တမိုင်ကုန်းကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့်  သာယာကုန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းတို့အား ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြို့တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစတင့်ဝေနှင့် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးစောဆားဒေါက်ဖေါ့တို့မှ ဇူလိုင်လ ၉ ရက်နေ့ နေ့လည်ပိုင်းတွင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ကွင်းဆင်းဆောင်ရွက်မှုများတွင် သက်ဆိုင်ရာကွင်းဆင်းဝန်ထမ်းများ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး လျှပ်စစ်မီးနှင့်ပတ်သက်၍ အိမ်ထောင်မိသားစုများမှ ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာရမည့် အချက်များအား အထူးသတိပြုရန်၊ လက်ရှိဆောင်ရွက်ခဲ့သော လုပ်ငန်းအပေါ် ရေရှည် တည်တံ့စေရန် လည်ပတ်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်များထားရှိရန်၊ သက်မှတ်ထားသော စံသက်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားရန်နှင့် လိုအပ်သော စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ထားရန်၊ လာမည့်နှစ် စီမံကိန်းလုပ်ငန်းများအတွက် အုပ်စုအတွင်းရှိကျေးရွာအချင်းချင်း ရန်ပုံငွေများအား သာတူညီမျှမှုရှိစွာဖြင့် ခွဲဝေ၍ အမှန်တကယ် လိုအပ်ချက်ရှိသော လုပ်ငန်းများကို ဦးစားပေးရွေးချယ် လုပ်ဆောင်စေရန် အကြံပြု ဆွေးနွေးခဲ့ပါသည်။

ကော့ကရိတ်မြို့နယ် တမိုင်ကုန်းကျေးရွာ လျှပ်စစ်မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းမှာ စီမံကိန်း ရန်ပုံ ငွေကျပ်သိန်း ၁၅၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိကျေးရွာအိမ်ခြေ ၁၂၀ ၏ လူမှုစီးပွားရေး၊ ပညာရေး၊ ကျန်းမားရေး ကိစ္စများအတွက် များစွာအထောက်အကူပြုလျက်ရှိပြီး၊ သာယာကုန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းမှာ စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၅၀ ဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် ကျေးရွာမှ မိုးရာသီ သွားလာရေး အဆင်ပြေကာ  သာရေးနာရေး အရေးပေါ် ကိစ္စရပ်များ၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများအတွက် အချိန်မရွေး သွားလာရန် လွယ်ကူစေလျက် ရှိပါသည်။