ထီးလင်း မြို့နယ် အတွင်း ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်နဲ့ စာသင်ကျောင်းဆောင် တည်ဆောက်မှုအား ကြည့်ရှု စစ်ဆေး

မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ထီးလင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ကမ္ဘာ့ ကပ်ရောဂါ ကူးစက် ပြန့်ပွားခြင်းကနေ ကာကွယ်ဖို့ အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်း အကောင်အထည်ဖော်ရေး ဆွေးနွေးခြင်းကို မေလ ၁၂ ရက်နေ့ မနက်ပိုင်းက အထက်ကျော်ကျေးရွာမှာ ကျင်းပတယ်လို့ သိရပါတယ်။

 

အဲဒီဆွေးနွေးပွဲကို လူထု ဗဟိုပြု စီမံကိန်းက နယ်မြေ ကြီးကြပ်ရေးမှူး ဦးကျော်ဇေယျနဲ့ ဝန်ထမ်းတွေ ကျေးရွာမှာ ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း ကော်မတီဝင် ၂၀ တက်ရောက်ပြီး၊ ကျေးရွာ မှာ တည်ဆောက်နေတဲ့ ဘက်စုံသုံး ခန်းမဆောင်နဲ့ စာသင်ကျောင်းဆောင် တည်ဆောက်ထားမှု အခြေအနေတွေကို ကော်မတီတွေက တင်ပြပြီး၊ လုပ်ငန်းတွေ အကောင်အထည် ဖော်ရာမှာ လုပ်ငန်းသုံး ပစ္စည်း ဝယ်ယူရေး အခက်အခဲ၊ နည်းပညာနဲ့ ပတ်သတ်တဲ့ အခက်အခဲတွေကို ဆွေးနွေးပြီး၊ လိုအပ်ချက်တွေကို တာဝန်ကျ လူထု စည်းရုံးရေးမှူးနဲ့ လက်ထောက်နည်းပညာမှူးတို့နဲ့ ပေါင်းစပ်ပေးခဲ့ပြီး၊ လုပ်ငန်းတွေ အကောင်အထည်ဖော်စဉ်မှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားထုတ်ပြန် ချက်တွေ အ တိုင်း အကာအကွယ် ပစ္စည်း အသုံးပြု အကောင်အထည်ဖော်ဖို့ ရှင်းလင်းပြောကြားပါတယ်။

 

ထီးလင်း မြို့နယ်မှာ လူထု ဗဟိုပြု စီမံကိန်းက စတုတ္ထနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲ စုစုပေါင်း ၁၂၉ ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,