သဲကုန်း မြို့နယ် သရက်သုံးပင် ကျေးရွာတွင်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထု ဗဟိုပြု စီမံကိန်း CDD ဒုတိယနှစ် စက်ဝန်း ခွင့်ပြု ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ပိတ်ချင်းကုန်း ကျေးရွာအုပ်စု သရက်သုံးပင် ကျေးရွာမှာ ကျေးရွာတွင်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လူထုဗဟိုပြု စီမံကိန်း ကျေးရွာ တာဝန်ခံ လက်ထောက်နည်းပညာမှူးနဲ့ တာဝန်ရှိသူများက မတ်လ ၂၄ ရက်နေ့ မနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ တာဝန်ခံ လက်ထောက် နည်းပညာမှူး ဦးထွန်းပြည့်ဇော်၊ လူထု စည်းရုံးရေးမှူး ဒေါ်ဆွေလှိုင်ဝင်းတို့မှ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနဲ့ အတူ လမ်းမြေညှိခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ လုပ်ငန်း အချိန်မီ ပြီးစီးရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပါတယ်။

သရက်သုံးပင် ကျေးရွာမှာ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း အရှည် ပေ ၁၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မကို လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၈ ဒဿမ ၀၉၁၉ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူးများရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

သတင်း- ငြိမ်းသူ (စလင်း)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank