လူထုဗဟိုပြု စီမံကိန်း မကွေးတိုင်းဒေသကြီးအတွင်း တိုးချဲ့ ဆောင်ရွက်နိုင်ရေး ပထမ ဦးစားပေး မြို့နယ်အဖြစ် ငဖဲမြို့နယ်ကို ရွေးချယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်းကို မကွေးတိုင်းဒေသကြီးအတွင်း တိုးချဲ့ ဆောင်ရွက်နိုင်ရေး၊ မြို့နယ်ရွေးချယ်ပွဲနှင့် အကြံဉာဏ် ရယူခြင်းကို ဖေဖော်ဝါရီလ ၂၃ ရက် မနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမမှာ ကျင်းပပါတယ်။

 

အခမ်းအနားမှာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက အဖွင့် အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နေပြည်တော်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက စီမံကိန်း အကြောင်းကို မိတ်ဆက်ရှင်းလင်း တင်ပြပါတယ်။

 

ဆက်လက်ပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နေပြည်တော်မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က စီမံကိန်း အကြောင်းနဲ့ စီမံကိန်း မြို့နယ် ရွေးချယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ရှင်းလင်း တင်ပြပါတယ်။

 

အဲဒီနောက်မှာ စီမံကိန်းရွေးချယ်ရေး အကြံဉာဏ် ရယူတာ အုပ်စုငယ်တွေ ခွဲပြီးတော့ သတ်မှတ်ချက်တွေအတိုင်း မြို့နယ်ရွေးချယ်ကြရာ ပထမ ဦးစားပေး မြို့နယ်အဖြစ် ငဖဲမြို့နယ်ကို လည်းကောင်း၊ ဒုတိယ ဦးစားပေးမြို့နယ် အဖြစ် နတ်မောက်မြို့နယ်ကို လည်းကောင်း၊ တတိယ ဦးစားပေး မြို့နယ်အဖြစ် ဆင်ပေါင်ဝဲ မြို့နယ်ကို လည်းကောင်း ရွေးချယ်ကြတယ်လို့ သိရပါတယ်။

 

ရွေးချယ်ခံရတဲ့ မြို့နယ်အတွင်း ကျေးရွာအားလုံးမှာ ဒေသဖွံ့ဖြိုးရေး ဆင်းရဲမှု လျော့ချရေး အထောက်အကူပြု လုပ်ငန်းတွေကို ကမ္ဘာဘဏ်နဲ့ ပူးပေါင်းပြီး လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဖော်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - ငြိမ်းသူ (စလင်း)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank