လူထု ဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်းမှ ကချင်ပြည်နယ်အတွင်း စီမံကိန်းတိုးချဲ့ဆောင်ရွက်ရန် ပထမဦးစားပေးအဖြစ် ဝိုင်းမော်မြို့နယ်ကိုရွေးချယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင် အကောင်အထည်ဖော်လျက်ရှိသည့် လူထုဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်းကို ကချင်ပြည်နယ်အတွင်း မြို့နယ် တစ်မြို့နယ် ထပ်မံ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို မြစ်ကြီးနားမြို့၊ မြို့​တော်ခန်းမတွင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ​ဒေါက်တာခက်​အောင်မှ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က စီမံကိန်းအကြောင်း မိတ်ဆက်စကားပြောကြားခဲ့သည်။

အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဘများ အပါအဝင် စိတ်ပါဝင်စားသူ စုစုပေါင်း ၇၂၀ ဦးခန့် တက်ရောက်ကြပါသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စွာ​အောင်က စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းရွေးချယ်ရေး စည်းမျဉ်းများအားရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ညွှန်ကြားရေးမှူး ဦးကျော်စွာ​အောင်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

တက်ရောက်လာသူများက အဖွဲ့ ၁၀ ဖွဲ့ခွဲကာ စီမံကိန်းမြို့နယ် ဆွေးနွေးရွေးချယ်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် ညွှန်ကြားရေးမှူး ဦး​ကျော်စွာ​အောင်မှ အဖွဲ့များ၏ဆွေးနွေးမှု ရလာဒ်များအား တင်ပြခဲ့ပြီးနောက် ကချင်ပြည်နယ်ရှိ စီမံကိန်း လုပ်ဆောင်ရန် ကျန်ရှိနေသော မြို့နယ်များမှ ပထမဦးစားပေးအဖြစ် ဝိုင်းမော်မြို့နယ်၊ ဒုတိယ ဦးစားပေး မြို့နယ်အဖြစ် မိုးညှင်းမြို့နယ်များ ဖြစ်ကြောင်း ကြေညာပေးခဲ့ပါသည်။

ရွေးချယ် ရရှိလာသော မြို့နယ်အပေါ်တွင် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အဖွဲ့အစည်းများ၏ လိုလားမှုနှင့် စီမံကိန်းမှ စွမ်းဆောင်နိုင်မှုတို့ကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သဘောထား မှတ်ချက်ပြုပြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ပြည်ထောင်စု ဝန်ကြီးဌာနသို့ ပေးပို့ကာ ၎င်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ စီးပွားရေးရာ ကော်မတီသို့ တင်ပြ အတည်ပြုချက် ရယူမည် ဖြစ်သည်။

ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်လျက် ရှိသော လူထုဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်းသည် ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်းမြို့နယ်၊ ပူတာအိုမြို့နယ်နှင့် ရွှေဂူမြို့နယ်တို့တွင် လက်ရှိ စီမံကိန်း လုပ်ငန်းခွဲများကို ဆောင်ရွက်လျက် ရှိပါသည်။