လူထု စည်းရုံးရေးမှူး စွမ်းဆောင်ရည် မြှင့်တင်မှု မွမ်းမံသင်တန်း ပျော်ဘွယ်မြို့နယ်တွင် ပို့ချ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်းရဲ့ လူထု စည်းရုံးရေးမှူး စွမ်းဆောင်ရည် မြှင့်တင်မှု မွမ်းမံသင်တန်း အပိုင်း ၃ ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ဖတ်တော် ကျေးရွာ ဓမ္မာရုံမှာ ကျင်းပပါတယ်။

 

အခမ်းအနားမှာ စည်းရုံးရေးမှူးတွေ စီမံကိန်း လုပ်ငန်းခွဲတွေ ပိတ်သိမ်းတာတွေ လူထုစစ်ဆေးပွဲတွေ အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ တိုးပွားစေဖို့နဲ့ ယုံကြည်မှု ပိုမိုရရှိစေဖို့ ဒီသင်တန်းကို ဖွင့်လှစ်ရတာ ဖြစ်ကြောင်း လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးလှထူးက ရှင်းလင်းပြောကြားပါတယ်။

 

ဆက်လက်ပြီး တာဝန်ယူမှု တာဝန်ခံမှု မူဘောင်တွေနဲ့ လူထု စစ်ဆေးပွဲအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင်ခန်းစာတွေကို တာဝန်ရှိသူတွေက ရှင်းလင်းပို့ချ ခဲ့ပါတယ်။

 

အဲဒီသင်တန်းကို ပျော်ဘွယ် မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု ဝန်ထမ်းတွေ၊ လက်ထောက် နည်းပညာ မှူးတွေနဲ့ စည်းရုံးရေးမှူးတွေ ပါဝင်တဲ့ သင်တန်းသား သင်တန်းသူ ၆၅ ယောက် တက်ရောက်ကြပြီး၊ ဖေဖေါ်ဝါရီလ ၇ ရက်နေ့အထိ ၂ ရက်ကြာ ပို့ချခဲ့တာ ဖြစ်ပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank