လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

 

မ​ကွေး သြဂုတ်  ၁၆

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မကွေးတိုင်းေးသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်က မိမိတို့တိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုအခြေပြုအခြေခံအဆောက်အဦများ သတ်မှတ်ကာလ အတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စီမံကိန်းမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ၊ ညွှန်းကြားချက်များ လုပ်ထုံးလုပ်နည်းများအား အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆွေးနွေးကြ စေလိုကြောင်း အမှာစကား တွင် ထည့်သွင်းပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံများ၊ နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် များက  ၂၀၁၈- ၂၀၁၉ ခုဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းထောက်ပံ့ရန်ပုံငွေများဖြင့်  အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော လူထုအခြေပြု အခြေခံအဆောက်အဦများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ တွေ့ကြုံရတဲ့အခက်အခဲများကို တင်ပြဆွေးနွေးကြရာ တင်ပြဆွေးနွေးမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်းကို မင်းတုန်း၊ ပေါက်၊ ထီးလင်း၊ ဆောမြို့နယ်များတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် မင်းတုန်းမြို့နယ်၌ အခြေခံအဆောက်အဦ (၁၈၆)ခု ကို ငွေကျပ် (၁၈၁၀)သန်းဖြင့်လည်းကောင်း၊ ပေါက်မြို့နယ်၌ အခြေခံအဆောက်အဦ (၂၆၁)ခုကို ငွေကျပ် (၃၀၇၃)သန်းဖြင့် လည်းကောင်း၊ ထီးလင်းမြို့နယ်၌ အခြေခံအဆောက်အဦ (၁၁၄)ခုကို ငွေကျပ် (၁၇၆၂)သန်းဖြင့်လည်းကောင်း၊ ဆော မြို့နယ်၌ အခြေခံအဆောက်အဦ (၁၁၁)ခုကို ငွေကျပ်(၁၆၇၅)သန်းဖြင့်လည်းကောင်း  စုစုပေါင်း လူထုအခြေခံ အဆောက် အဦ (၆၇၂)ခုကို ငွေကျပ် ၈၃၂၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစိးဌာန တိုင်းဒေသကြီး လူထုဗဟိုပြု စီမံကိန်းတာဝန်ခံ၊ မင်းတုန်း၊ ပေါက်၊ ထီးလင်း၊ ဆောမြို့နယ်များမှ မြို့နယ်စီမံကိန်းတာဝန်ခံများ၊ မြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင်များ တိုင်းဒေသကြီးစီမံကိန်းဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။