လူထုဗဟိုပြုစီမံကိန်းကျား-မရေးရာနှင့်သတင်းပြန်ကြားဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ကျေးရွာလူထု၊ကော်မတီဝင်များနှင့်ဆွေးနွေး

လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စက်ဝန်းဆောင်ရွက်ရာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တုန်းတွောလ်ကျေးရွာအုပ်စု၊ တုန်းတွောလ်ကျေးရွာနှင့်ဖွန်တုန်ကျေးရွာတို့တွင် (၂၃.၅.၂၀၁၉)ရက်နေ့၌ လည်းကောင်း၊ (၂၄.၅.၂၀၁၉)ရက်နေ့တွင် တွီးတွမ်းကျေးရွာအုပ်စု၊ တွီးတွမ်းကျေးရွာ၌လည်းကောင်း လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များ၊ စီမံကိန်းအတွင်း ကျား-မရေးရာလုပ်ဆောင်နေမှုများနှင့်ကျား/မရေးရာအသိပညာပေးမှုများကို ပြည်နယ်ကျား-မရေးရာတာဝန်ခံ ဒေါ်စာရာလိန်းမှ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ်သတင်းပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဒေါ်နီမဲင်းတီ၁လ်မှ  ချင်းပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်ရာ မြို့နယ်(၄)မြို့နယ် (ကန်ပက်လက်၊ ပလက်ဝ၊မတူပီနှင့်တွန်းဇံ)များအကြောင်း၊ ကော်မတီဝင်များလိုက်နာရမည့် ဆောင်ရန်(၅)ချက်နှင့်ရှောင်ရန်(၅)ချက်အကြောင်း၊ စီမံကိန်းအတွင်း သတင်းပြန်ကြားဆက်သွယ်ရေးဆိုင်ရာနည်းလမ်းနှင့်လမ်းကြောင်းများအကြောင်း၊ အထောက်အကူပြုပစ္စည်းများဖြစ်သော စီမံကိန်းလိုကို၊ စီမံကိန်းလက်စွဲစာအုပ်၊ လက်ကမ်းစာစောင်များ၊ စီမံကိန်းတံဆိပ်ပါတီရှပ်၊ ဦးထုပ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် တက်ရောက်လာကြသော ကော်မတီဝင်များနှင့်ကျေးရွာလူထုများမှ တက်တက်ကြွကြွစိတ်ဝင်တစားဆွေးနွေးခဲ့ကြပြီး စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြည်နယ်တာဝန်ရှိသူများမှ ဖြေကြားပေးခဲ့ကြပါသည်။

လူထုဗဟိုပြုစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့မှပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။