ဆောမြို့နယ် လေးကျေးရွာ၌ လူကူးကြိုးတံတားသစ်တည်ဆောက်မည့်နေရာသို့ ကွင်းဆင်းစစ်ဆေး

 

ဆော   မေ   ၈

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လေးကျေးရွာ၌ လူူထုဗဟိုပြုစီမံကိန်း(CDD) တတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက်မည့် လူကူးကြိုးတံတားသစ်တည်ဆောက်မည့် နေရာသို့ ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ လူကူးကြိုးတံတားသစ်တည်ဆောက်မည့် မြေနေရာအနေအထား၊ ရေစီးလမ်းကြောင်း အနေအထား၊ မြေနေရာရှင်းလင်းခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားပါသည်။

အဆိုပါ ကြိုးတံတားကို အလျား ၂၀၀ ပေ အနံ ခြောက်ပေ  အမြင့် ၂၂ ပေ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၂၈၀ ဒသမ ၁၄၆ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၅၀ သိန်း၊ စုစုပေါင်းငွေကျပ် ၃၃၀ ဒသမ ၁၄၆ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ဆောမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် လမ်းလုပ်ငန်း ၂၄ ခု၊ တံတားလုပ်ငန်းငါးခု၊ မီးလင်းရေးလုပ်ငန်း ၃၃ ခု၊ ရေပေးရေးလုပ်ငန်းခြောက်ခု၊ စာသင်ကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း  ၁၉ ခု၊ စာသင် ကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းတစ်ခု၊ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းငါးခု၊  ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်း ၁၈ ခု တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

စိုးမိုးကျော်