ကျေးရွာပြည်သူလူထုအတွက် လိုအပ်သော ခန်းမဆောင် ဖွင့်လှစ်

ဒီးမော့ဆို မေလ ၁၅

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ဒေါတော်ကူးကျေးရွာအုပ်စု ဒေါပေါ်ကူးကျေးရွာ ခန်းမဆောင်ကို မေ ၁၅ ရက် နံနက် ၈ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးရွာခန်းမဆောင်သစ်အား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်လူထုဗဟိုပြုစီမံကိန်း ဒုတိယစီမံကိန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ချောစု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအန်းဂျလို တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို က အမှာစကား ပြောကြားရာတွင် ကျေးရွာခန်းမဆောင်သည် ကျေးရွာပြည်သူလူထုအတွက် အမှန်တကယ် လိုအပ်သော အဆောက်အဦ တစ်ခုဖြစ်သည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူအောင် က လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ကျေးရွားခန်းမဆောင် ဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်းကြသော အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခန်းမဆောင်သည် အလျား ၇၀ ပေ၊ အနံ ၃၆ ပေ၊ အမြင့် ၁၃ ပေ ရှိပြီး စီမံကိန်း ရန်ပုံငွေကျပ် ၁၅၇၀၀၀၀၀၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၅၀၇၂၃၁၅ ဖြင့် ဆောက်လုပ်ခဲ့ ကြောင်း သိရသည်။