ပူတာအိုမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ၁၄.၁.၂၀၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ပူတာအိုမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ၁၄.၁.၂၀၁၉ ရက်နေ့တွင် ပူတာအိုမြို့နယ် ဖုန်ကန်ရာဇီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ၊ ကျေးလက်ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်၊ ပြည်နယ်ကျေးလက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းချစ်၊ ခရိုင်ကျေးလက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသီဟ၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိမ်လေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များနှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ပထမနှစ်စီမံကိန်းစက်ဝန်းအတွင်း ဆောင်ရွက်ချက်များ၏ အားသာချက်၊ အားနည်းချက်များနှင့် နောက်တစ်နှစ်အတွက် ပိုမိုကောင်းမွန်သော အကြံဉာဏ်များနှင့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် ပထမနှစ်စီမံကိန်းစက်ဝန်းအတွင်း အကောင်းဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာအုပ်စုများဖြစ်သည့် လုံရှာယန်၊ ဆာရ်ခွမ်ဒမ်းနှင့် ပူးတောင်းတို့ကို ဆုချီးမြင့်ခဲ့သည်။ ကျေးရွာများအနေဖြင့် အဒေဒီ၊ မူလာအွန်နှင့် မာမိန်ရှီးဒီတို့ကို ဆုချီးမြင့်ပေးအပ်ခဲ့သည်။ ဆွေးနွေးပွဲသည် မနက် ၁၀:၀၀ နာရီတွင်စတင်ပြီး ညနေ ၃:၀၀ နာရီတွင် ပြီးစီးခဲ့ပါသည်။