ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီတူမ်းကျေးရွာအုပ်စု၊ မွာလ်ကွေးကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားနှင့် Information Campaign ကျင်းပပြုလုပ်

ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း)တွင် တွီတူမ်းကျေးရွာအုပ်စု၊ မွာလ်ကွေးကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ လူထုဗဟိုပြုစီမံကိန်းအကြောင်းကို အများပြည်သူများမှ ပိုမိုသိရှိနိုင်ရန်ရည်ရွယ်၍ စီမံကိန်းသတင်းအချက်အလက်လှုံ့ဆော်ပွဲ( Information Campaign) ကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပွဲတွင် မွာလ်ကွေးကျေးရွာနှင့် ပတ်ဝန်းကျင် အနီးအနားရွာမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ စီမံကိန်းအကြောင်း အမေးအဖြေကဏ္ဍများဆောင်ရွက်ခဲ့ပြီး၊ လူထုဗဟိုပြုစီမံကိန်းနှင့်သက်ဆိုင်သော ပိုစတာများ၊ စာစောင်၊ ကဗျာများနှင့် စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများအား ခင်းကျင်းပြသခဲ့ပါသည်။

ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် လူထုဗဟိုပြုစီမံကိန်းအကြောင်းကို ထဲထဲဝင်ဝင်ပိုမို သိရှိနိုင်စေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်နည်းပညာ အကြံပေးအဖွဲ့များ၊ လူထုစည်းရုံးရေးမှူးများ၊ လက်ထောက်နည်းပညာမှူးစသည့် ဝန်ထမ်းများမှ စီမံကိန်းအကောင်အထည်ဖော်ရာတွင် စည်းလုံးညီညွတ်မှုရှိပြီး ချစ်ခင်ရင်းနှီးမှုပိုမိုအား ကောင်းလာစေရန်၊ စီမံကိန်းဝန်ထမ်းများနှင့် ကျေးရွာလူထုများ ထိတွေ့ဆက်ဆံမှု အားကောင်းလာကာ အပြန်အလှန်နားလည်မှုများတိုးတက်ဖြစ်ထွန်းလာပြီး စီမံကိန်းတွင် ပူပေါင်းပါဝင်မှုပိုမို အားကောင်းလာစေရန်နှင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် သတင်းပြန်ကြားဆက်သွယ်ရေး၏ အခန်းကဏ္ဍတစ်ခုအနေဖြင့် ကျင်းပပြုလုပ်ပြီး လူထုအား စီမံကိန်းအကြောင်း ထိထိ ရောက်ရောက်အသိပညာဖြန့်ဝေနိုင်ရန်အတွက်၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊ ပထမနှစ်စက်ဝန်းတွင် ပထမအကြိမ်အဖြစ် Information Campaign ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါသည်။