ငါန်းဇွန်မြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ႓ာ့ဘဏ်နှင့်ပူးပေါင်း၍ လူထုဗဟိုပြု စီမံကိန်း တတိယနှစ်စက်ဝန်းပံ့ပိုးငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် သူနတ်စစ်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကို သြဂုတ် ၁၉ ရက် နံနက် ၈ နာရီခွဲက အဆိုပါကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာသင်ကျောင်းဆောင်သစ်ကို တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ဒုတိယ ပညာရေးမှူး ဦးစိုးတင့်၊ ကျောင်းအုပ်ဆရာမ ဒေါ်ဇာခြည်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စာသင်ကျောင်းတွေ တော်တော်များများကို ဘတ်ဂျက်ချပေးကြောင်း၊ ဌာနများကလည်း မိမိတို့ ပိုလျှံသည့် ငွေကြေးပေါ် မူတည်ပြီးမှ စီမံကိန်းတစ်ရပ်အနေဖြင့် တည်ဆောက်ရေးအတွက် ချပေးသည်ကို အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း၊ နိုင်ငံတော်အနေဖြင့် ယခင်နှစ်ကလို မဟုတ်ဘဲ ပညာရေးကဏ္ဍကို ဂရုစိုက်ပြီး ဘတ်ဂျက်တွေ ချပေးနေကြောင်း၊ အနာဂတ် တိုင်းပြည်ကို အုပ်ချုပ်ရန်အတွက် ယနေ့ခေတ် လူငယ်တွေစာပေ တတ်မြောက်ရန် လိုအပ်ကြောင်း၊ စာပေတတ်မြောက်မှသာ အနာဂတ် တိုင်းပြည်အတွက် ခေါင်းဆောင်တွေ ဖြစ်ကြကြောင်း၊ လူငယ်တွေကို ပညာရေးကဏ္ဍ တိုးမြင့်ပေးမှသာ မိမိတို့ကျေးရွာ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ရှိမည်ဖြစ်ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်တွေက ပညာရေးကဏ္ဍကို မြှင့်တင်ခြင်းသည် ကလေးတွေ ပညာတတ်စေချင်သည့် ရည်ရွယ်ချက်ဖြင့် အနာဂတ်တွင် ခေါင်းဆောင်ကောင်းတွေ ပေါ်ရန်အတွက် ဘတ်ဂျက်တွေ ချပေးနေကြောင်းကို ကလေးတွေ သိအောင် ပြောစေချင်ကြောင်း ပြောကြားသည်။

ထို့ကြောင့် ကလေးတွေအနေဖြင့် မိမိတို့သင်ယူရမည့် အချိန်ကာလအတွင်း၌ စာပေတွေကို ထူးချွန်တတ်မြောက်အောင် သင်ယူကြမည် ဖြစ်ကြောင်း၊ မိဘတွေက ကိုယ့်ရဲ့သားသမီးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းမနေရန်၊ အိမ်မှာ ကူဖော်လောင်ဖက် မရှိဘူး ကူညီရန်အတွက် ကျောင်းထွက်ဆိုသည့် စိတ်ဓါတ်မျိုးတွေ ဖျောက်စေလိုကြောင်း၊ နိုင်ငံတော်က ကလေးတွေ စာမသင် မနေရ ဆိုသည့် မူကို ချထားသည့်အတွက် လူကြီးများအနေဖြင့် ကိုယ့်သားသမီးကို ကျောင်းမရောက် ရောက်အောင် ပို့ပေးရန်၊ ကလေးများ မသွားချင်ဖူး ဆိုရင် မိဘများက တိုက်တွန်းပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် ဒုတိယ ပညာရေးမှူး ဦးစိုးတင့်တို့က အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းက လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြောင်း သိရသည်။

အဆိုပါ စာသင်ကျောင်းဆောင်သစ်မှာ အလျားပေ ၃၀၊ အနံပေ ၃ဝနှင့် အမြင့် ၁၂ပေဖြစ်ပြီး လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ပံ့ပိုးငွေကျပ် ၁၃ ဒသမ ၄၃၆ သန်းကိုအကုန်အကျခံ၍ တည်ဆောက်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သဲစုဝေ၊ ဦးကျော်စိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဒုတိယ ပညာရေးမှူး ဦးစိုးတင့်၊ ဆရာ ဆရာမများ၊ ကျောင်သား ကျောင်းသူများနှင့် ကျောင်းသားမိဘများ၊ ငါန်းဇွန် အထကမှ ဘင်ခရာအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မင်းမြင့်မိုရ်(ငါန်းဇွန်)