နွားထိုးကြီးမြို့နယ် လူထုဗဟိုပြုစီမံကိန်းတာဝန်ရှိသူများကသာခရိုင် ဗန်းမောက်မြို့နယ်သို့ကွင်းဆင်းလေ့လာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှ လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများနှင့် ကျေးရွာစီမံကိန်းကော်မတီဝင်များသည် ကသာခရိုင် ဗန်းမောက်မြို့နယ်သို့ သြဂုတ် ၂၁ မှ ၂၃ ရက်ထိ သုံးရက်ကြာလေ့လာရေး ကွင်းဆင်းခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းရာတွင် ဗန်းမောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးဇော်ထွန်းလင်း၊ မြို့နယ်နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးတင်မောင်ထွန်းတို့ ဦးဆောင်လျက် ဗန်းမောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ပံ့ပိုးငွေဖြင့် အခြေခံ အဆောက်အအုံများ ဆောင်ရွက်ထားသည့် ခမိုးကျေးရွာ၊ ကံရွာကျေးရွာ၊ ပင်ခါးကျေးရွာနှင့် ပင်ပုံကျေးရွာများသို့ လေ့လာကြောင်း သိရသည်။

ထို့နောက် လေ့လာရေး ကွင်းဆင်းသည့် ကျေးရွာများမှ စီမံကိန်းကော်မတီဝင်များက လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှုများ၊ တွေ့ကြုံရသော အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၊ လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး နွားထိုးကြီးမြို့နယ်မှ လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများနှင့် ကျေးရွာစီမံကိန်း ကော်မတီဝင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။

အဆိုပါလေ့လာရေး ကွင်းဆင်းရာတွင် နွားထိုးကြီးမြို့နယ် ကျေးလက်ဒေသဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်း၊ မြို့နယ် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်သီရိမျက်သွယ်နှင့် အဖွဲ့အပါအဝင် ကျေးရွာစီမံကိန်းကော်မတီဝင် ၂၆ ဦးလိုက်ပါကြောင်း၊ သွားရောက်လေ့လာသည့် ဒေသနှင့် မိမိဒေသတွင် တွေ့ရှိရသော အခက်အခဲများ နှိုင်းယှဉ်နိုင်ရန် လေ့လာရခြင်း ဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ငါန်းဇွန်)