ညောင်ဦးမြို့နယ်နပ္ပလင်ကျေးရွာတွင် စာသင်ကျောင်းဆောင်သစ်လှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာတွင် တတိယနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောက်လုပ်ပြီးစီးသည့် စာသင်ကျောင်းဆောက်သစ်လှူဒါန်းပွဲကို ဇူလိုင်၂၁ရက် နံနက်၉နာရီက ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ညောင်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေ(ဒုတိယညွှန်ကြားရေးမှူး)၊ ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း၊ ညောင်ဦးမြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးထွန်းထွန်းဝင်းတို့က စီမံကိန်းငွေဖြင့်လှူဒါန်းသည့် ကျောင်းဆောင်သစ်ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

          ဆက်လက်၍ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးစော အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်တို့မှ အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် ပညာရေးမှူး ဦးတင်ရွှေ၊ ပညာရေးရည်မှန်းချက်လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

          ထို့နောက် ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးခေါင်းဆောင် ဦးကျော်မိုဃ်းအောင်က တတိယနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်းဖြင့် ကျောင်းဆောင်သစ်ဆောက်လုပ် လှူဒါန်းပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး နပ္ပလင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းကကျောင်းအတွက် လိုအပ်သည့်စာသင်ကျောင်းဆောင်သစ် လှူဒါန်းပေးခြင်းနှင့် ကျောင်းဆောင်အသစ်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိမှု ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံရပ်မိရပ်ဖများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။