ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ တွန်းဇံမြို့နယ် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကော်မတီဝင်များနှင့်တွေ့ဆုံခြင်း

ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးရဲမင်းကျော်သည် တွန်းဇံမြို့နယ်သို့ (၅.၇.၂၀၁၈) ရက်နေ့တွင် ရောက်ရှိပြီး၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တုန်းတွောလ်ကျေးရွာအုပ်စု၊ တုန်းတွာလ်ကျေးရွာ ကျေးရွာစီမံကိန်းကော်မတီများနှင့် နံနက် (၈) နာရီအချိန်တွင် တွေ့ဆုံကာ စီမံကိန်းဆိုင်ရာသိမှတ်ဖွယ်ရာများအား ဆွေးနွေးခဲ့ပြီး တုန်တွာလ်ကျေးရွာ စာသင်ကျောင်း ခြံစည်းရိုးကာရံခြင်း စီမံကိန်းလုပ်ငန်းခွဲအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ နံနက် (၁၀) နာရီအချိန်တွင် ဖိုင်တူကျေးရွာသို့ရောက်ရှိပြီး စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်းအတွင်း ဆောင်ရန်၊ ရှောင်ရန်အချက်များ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တွီးတူမ်းကျေးရွာအုပ်စု၊ တွီးတွမ်းကျေးရွာသို့ ဆက်လက်သွားရောက်ခဲ့ပါသည်။

ပြည်နယ်ဦးစီးမှူးသည် မွန်းလွဲ (၁) နာရီအချိန်တွင် တွီးတွမ်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာစီမံကိန်းတော်မတီများနှင့် တွေ့ဆုံကာ အမျိုးသမီးများ၏စီမံကိန်းကော်မတီများ လုပ်ရခြင်း အတွက် အခက်အခဲများကို မေးမြန်းပြီး ကျား/မ ရေးရာတန်းတူညီမျှရေး အကြောင်းများ ဆွေးနွေးခဲ့ပြီး စီမံကိန်းလုပ်ငန်းခွဲဖြစ်သော ရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်နယ်ဦးစီးမှူးသည် မွောလ်ကွေးကျေးရွာသို့ မွန်းလွဲ (၃) နာရီအချိန်တွင် ဆက်လက် သွားရောက်ကာ စီမံကိန်းလုပ်ငန်းခွဲဖြစ်သည့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတွင် အမျိုးသမီးလုပ်သားများ လုပ်ငန်းဆောင်ရွက်နေမှုအခြေနေအား ကြည့်ရှုအားပေးပြီး လုပ်ငန်းများ စနစ်တကျအရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေး အကြံပြုဆွေးနွေးခဲ့ပါသည်။

ပြည်နယ်ဦးစီးမှူးသည် ညနေ (၄) နာရီအချိန်တွင် တွန်းဇံမြို့နယ်သို့ ပြန်လည်ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူထုဟိုပြုစီမံကိန်းဝန်ထမ်းများနှင့် တွေ့ဆုံပြီး အခက်အခဲများအား မေးမြန်းကာ စီမံကိန်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်ကြရေး အထူးလိုအပ်ကြောင်းမှာကြားခဲ့ပါသည်။