မြောင်မြို့နယ်တွင် ကိုဗစ်ကာလ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ဆောင်ရွက်သည့် စီမံကိန်းနှစ်ခု ရာနှုန်းပြည့်ပြီးစီး

Cash for Work and Village Revolving Fund Projects for Covid-19 Economic Relief Plan Completed in Myaung

Sagaing, 6 October 2020, Myanmar Digital News

မြောင် ၆ အောက်တိုဘာ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ​​​​စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်​ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work စီမံကိန်းနှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေ ပြည်သူများ ကိုဗစ်ကာလအတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် အတွက် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကျေးရွာ ၉ ရွာကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ကျေးရွာ ၄ ရွာကို ငွေကျပ်သိန်း ၃၀၀ ဖြင့်လည်းကောင်း၊ ကျေးရွာ ၄ ရွာကို ငွေကျပ်သိန်း ၂၀၀ ဖြင့် လည်းကောင်း၊ ကျေးရွာ ၁ ရွာကို ကျပ်သိန်း ၁၀၀ ဖြင့်လည်း​ကောင်း သြဂုတ်လမှ စတင်၍ ထုတ်ချေး ပေးခဲ့ရာ စုစုပေါင်းကျေးရွာ ၉ ရွာအတွက် ငွေကျပ် သိန်း ၂၁၀၀ ကို ထုတ်ချေးပေးခဲ့ပြီးဖြစ်သည်။

အလားတူ Cash For Work စီမံကိန်း လုပ်ငန်းများအဖြစ် လက်ယက်မကျေးရွာ၊ ဖွား​စောကျေးရွာ၊ ကသစ်ကုန်း ကျေးရွာ၊ ဇရပ်ကုန်းကျေးရွာ၊ ကံ​တောကျေးရွာနှင့် နှဲမှုတ်​ကျေးရွာတို့တွင် ရွာတွင်းလမ်း ဂျင်းခင်းခြင်း၊ မြေသား ရေကန်တူးဖော်ခြင်း၊ ကျေးရွာတွင်း​ ရေပိုက်လိုင်းသွယ်တန်းခြင်း ကျေးရွာတွင်း သဲ​ကျောက်လမ်းတိုးချဲ့ခင်းခြင်းနှင့် အမက​ကျောင်းခြံစည်းရိုး chain Link ကာရံခြင်းလုပ်ငန်းများကို ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၁၀၀ စီထောက်ပံ့ပေးကာ ဇူလိုင်လအတွင်းကစတင်၍ ကျေးရွာ သူ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်စေပြီး ပါဝင်ဆောင်ရွက်သူများ အားလုံးကို လုပ်အားခပေးချေ စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း မြောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုထံမှ သိရသည်။

ငြိမ်းသူ

Credit- Myanmar Digital News

#CFW, #CERP, #DRD, #MOALI

http://www.mdn.gov.mm/my/kiubckaal-caawttnere-akhkakhaimaakiu-kucaapeniungrn-cheaangrksnny-ciimnkinnckhu-raanunpnnypiicii