ကျောက်ကြီးမြို့နယ်ရှိ Cash for Work နှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများကို စတင် အကောင်အထည်ဖော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ “Cash for Work” စီမံချက်၊ ကျေးရွာမတည် ရန်ပုံငွေစီမံချက် “Village Revolving Fund Project” များ ပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အဆိုပါ စီမံကိန်းအား ကျေးရွာ၈ ရွာမှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၂၅ ခုအား အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပြီး ယခုအခါ ကျေးရွာအားလုံးမှာ စီမံကိန်း လုပ်ငန်းခွဲများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုအား ကျောက်ကြီးမြို့နယ်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို၊Cash for Work” စီမံကိန်းတာဝန်ခံ ဦးစိုးကိုဦး၊ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံဒေါ်တင်နီလာဝင်းနဲ့ တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့ကြပါတယ်။

 

အဲဒီနောက် စီမံကိန်း တာဝန်ရှိသူများအဖွဲ့က ကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံပြီး၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်စဉ် ကာလတစ်လျှောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ လမ်းညွန်ချက်များကို လိုက်နာကျင့်သုံးဆောင်ရွက်ကြရန်နှင့် စီမံကိန်းဆောင်ရွက်စဉ် စီမံကိန်းမှ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများကို လိုက်နာကြရန် အခက်အခဲ တစ်စုံတစ်ရာရှိပါက တာဝန်ကျ စီမံကိန်း ဝန်ထမ်းများနဲ့ အချိန်မီပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြပါရန် လမ်းညွန်မှာကြားခဲ့ပါတယ်။

 

သတင်း - ဝင်းညီညီလတ် (CSAG)

#CERP, #CFW, #DRD, #MOALI

Credit - SkyNet Media Coverage