လူထုဗဟိုပြု စီမံကိန်း သတ္တမနှစ် စီမံကိန်းစက်ဝန်း သုံးလပတ်အစည်းအဝေး ကျင်ပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး‌တက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောက်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း (NCDDP) သတ္တမနှစ် စီမံကိန်းစက်ဝန်း၏ သုံးလပတ်အစည်းအဝေး ကို Video Conferencing စံနစ်ဖြင့် ၂၀၂၀ ခုနှစ် ဇူလှိုင်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အင်တာနက် ကွန်ယက်မှ တစ်ဆင့် Video Conferencing ဖြင့် ပြုလုပ်သော အစည်းအဝေးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နေပြည်တော် ရုံးချုပ်မှ လူထုဗဟိုပြု စီမံကိန်းကို ဦးစီးဆောင်ရွက်လျက် ရှိသော တာဝန်ရှိသူများ၊ စီမံကိန်းကို ဦးစီး အကောင်ထည်ဖော်ဆောင်ရွက်လျက် ရှိသော နေပြည်တော် ကောင်စီ နယ်မြေ အပါအဝင် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ၊ စီမံကိန်း အကြံပေး ဝန်ထမ်းများနှင့် ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေး ဖွင့်ပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က အဖွင့် အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီး/ပြည်နယ် (၁၅) ခုမှ စီမံကိန်းတာဝန်ခံများက Covid-19 ရောဂါ ဖြစ်ပွားစဉ် လွန်ခဲ့သော ၃ လပတ်ကာလများဖြစ်သော ဧပြီလ၊ မေလနှင့် ဇွန်လတို့အတွင်း မိမိတို့လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြကြရာ သက်ဆိုင်ရာ ကဏ္ဍအသီးသီးကို တာဝန်ယူ ဆောင်ရွက် နေကြသော ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်း မန်နေဂျာနှင့် ညွှန်ကြားရေးမှူးများက အကြံပြုမှု လမ်းညွှန်မှုများ ပေးပြီး ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြသည်။

ကိုဗစ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို နိုင်ငံတော်က ထုတ်ပြန်ထားသော ရောဂါ ကူးစက်မှု ကာကွယ် ရေး လမ်းညွှန်ချက်များနှင့် ဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များကို စီမံကိန်း ဆောင်ရွက် လျက်ရှိသော မြို့နယ်အသီးသီးသို့ ထုတ်ပြန်ထားပြီး ဖြစ်ရာ သက်ဆိုင်ရာ မြို့နယ်များရှိ ဌာန အသီးသီးက လမ်းညွှန်ချက်များနှင့်အညီ ‌ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရေရှည်အတွက် မျှော်တွေးကာ အကြံပြု ချက်များလည်း ပြန်လည်ပေးပို့ကြရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ထမ်းများ အနေဖြင့် “Safety First” ပေါ်လစီနှင့် အညီ ကျေးရွာများအတွင်း၊ မိမိတို့ လုပ်ငန်းခွင်နှင့် ဌာနအတွင်း ရောဂါ ကာကွယ်ရေး အတွက် အမြဲ သတိရှိ ကြရန်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသွားသည်။

Covid-19 ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် လူထု ဗဟိုပြု စီမံကိန်းမှ ဆောင်ရွက်လျက်ရှိသော Cash for Work စီမံချက်များကိုလည်း စီမံကိန်း ကို တာဝန်ယူ ဆောင်ရွက်နေသော ဝန်ထမ်းများအနေဖြင့် တတ်နိုင်သည့် ဖက်မှ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ကူညီလုပ်ဆောင်ကြရန်နှင့် လူထု ဗဟိုပြု စီမံကိန်းမှ အရင်းအမြစ်များ ကိုလည်း အဆိုပါ CERP လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ကြောင်းနှင့် စီမံကိန်း ဆောင်ရွက်ရာမှ ကျွမ်းကျင်မှုနှင့် အတွေ့ အကြုံများကို CERP လုပ်ငန်းစဉ်များတွင် အကျိုးရှိရှိ အသုံးချနိုင်လျက် ရှိရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသူများကို ကျေးဇူးတင်ရှိပါကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောကြားသည်။

#NCDDP, #DRD, #CERP, #CFW