တွန်းဇံ မြို့နယ် တွီးမန်ကျေးရွာ စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်း ညှိနှိုင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ တွီးမန်အုပ်စု၊ တွီးမန်ကျေးရွာမှာ Covid-19 ရောဂါ ဖြစ်ပွားနေမှု ကာလအတွင်း၊ စီမံကိန်း လုပ်ငန်း စဉ်တွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ဝင် ဦးဇော်ဝင်း၊ တာဝန်ကျ လက်ထောက် နည်းပညာ မှူးနဲ့ လူထု စည်းရုံးရေးမှူးတွေ ပါဝင်တဲ့ တာဝန်ရှိသူတွေ အဖွဲ့က ကျေးရွာ ကော်မတီဝင်တွေနဲ့အတူ ကွင်းဆင်း ညှိနှိုင်း ဆောင်ရွက်မှုတွေကို ဇွန်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ စီမံကိန်း တာဝန်ရှိသူတွေ အဖွဲ့ဟာ လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေကျပ် ၁၉ ဒဿမ ၅ သန်းနဲ့ ဆောင်ရွက်မှာ ဖြစ်တဲ့ ကျေးရွာတွင်း ကွန်ကရစ်လမ်း တည်ဆောက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် မြေနေရာ ကွင်းဆင်း စစ်ဆေးခဲ့ပြီး၊ လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့ တွေ့ဆုံကာ စီမံကိန်း လုပ်ငန်းစဉ်တွေ အကြောင်းကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ပြီးတော့ အခုနှစ် စီမံကိန်း လုပ်ငန်းခွဲအတွက် ဒီဇိုင်းနဲ့ Estimate တွေကို လက်ထောက် နည်းပညာမှူးက ရှင်းပြကာ ဝယ်ယူရေးနဲ့ အကောင်အထည်ဖော်ရေး အစီအစဉ်တွေ ရေးဆွဲခြင်းတွေ ပြုလုပ်ခဲ့ပြီး၊ လူထု စည်းရုံးရေးမှူးက Covid-19 ရောဂါကြောင့် အိမ်ထောင်စုတွေ ထိခိုက်မှု စစ်တမ်းတွေ ကောက်ယူတာ စီမံကိန်း လုပ်ငန်းစဉ်တွေနဲ့ သဘောတူ ဆုံးဖြတ်ချက်တွေကို ပွင်းလင်းမြင်သာစွာ ကျေးရွာ လူထုတွေ သိရှိနိုင်စေဖို့ လော်စပီကာနဲ့ ကြေညာတာ ကျေးရွာ ကြော်ငြာသင်ပုန်းမှာ ကပ်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့ တာဝန်ရှိသူတွေ အဖွဲ့ဟာ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့ အတူ ယခင်နှစ်တွေက ဆောင်ရွက် ထားရှိခဲ့တဲ့ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ စိမ့်စမ်းရေ သွယ်တန်းခြင်းနဲ့ ရေလှောင်ကန် တည်ဆောက်ခြင်း ထိန်းသိမ်း ထားရှိမှု အခြေအနေတွေကို ကွင်းဆင်းလေ့လာ ကြည့်ရှု့တယ်လို့ သိရပါတယ်။

သတင်း - ဦးဇော်ဝင်း

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank