စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနနှင့် ကမာ္ဘ့ဘဏ်တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းမြို့နယ်ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး၊ အကြံဉာဏ်ရယူခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်တွင် ဟားခါးမြို့ Carson ခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ် ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဉီးဝင်းမြင့်ကျော်၊ ပြည်နယ်စာရင်းစစ်ချုပ် ဉီးလာတင်မန်း၊ ပြည်နယ်ဉပဒေချုပ် ဉီးဆန်နီထန်ကျုံး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဉီးတိုးဝင်း ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးမောင်ဝင်း၊ ညွှန်ကြားရေးမှူး ဉီးကျော်စွာအောင်၊ ပြည်နယ် ၊ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါသည်။
ရှေးဉီးစွာ ပြည်နယ်ဝန်ကြီးချုပ်ဉီးဆလိုင်းလျန်လွယ်မှ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် အခြေခံအဆောက်အအုံနှင့်လူထုလိုအပ်ချက်များကို ဖြည့်စွမ်းပေးမည့် လူထုဗဟိုပြုစီမံကိန်း (NCDDP) ကို ၂၀၁၃ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ သတ္တမနှစ်ကာလကို ရောက်ရှိနေပြီဖြစ်ကြောင်း လူထုဗဟိုပြုစီမံကိန်းသည် မြို့နယ်(၁)မြို့နယ်လျှင်(၄)နှစ်ဆက်တိုက် ကူညီထောက်ပံ့ပေးလျက်ရှိရာ နိုင်ငံတစ်ဝန်း(၆၃)မြို့နယ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းနှစ်များအတွင်း ကျေးလက်နေလူဉီးရေ(၇)သန်း ကျော်ခန့်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုနိုင်ခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အခြေခံအဆောက်အဉီများတည်ဆောက်ပေးခြင်း ၊ လိုအပ်သည့် ငွေကြေးအထောက်အပံ့များထောက်ပံ့ပေးခြင်း ၊ စီမံကိန်းလုပ်ငန်းရွေးချယ်ရာတွင် ကျေးလက်နေပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားကောင်းလာစေရန် စီမံကိန်းအကြောင်းကြိုတင် မိတ်ဆက်ဆွေးနွေးခြင်း ၊ စွမ်းဆောင်ရည်မြင့်မားလာစေရန် ကဏ္ဍအလိုက်နည်းပညာဆိုင်ရာသင်တန်းပေးခြင်းတို့ကို ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ချင်းပြည်နယ်အနေဖြင့်လည်း ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားကြပါရန်နှင့်မြို့နယ်ရွေးချယ်ခြင်း ပြီးစီးပြီး စီမံကိန်းလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့်အချိန်တွင်လည်း ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ ကျေးရွာလူထုများနှင့် သက်ဆိုင်သူအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဉီးမောင်ဝင်းမှ မိတ်ဆက်စကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်)၊ ညွှန်ကြားရေးမှူးဉီးကျော်စွာအောင်မှ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်များအား ဉီးကျော်စွာအောင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်အုပ်စုငယ်များခွဲ၍ သတ်မှတ်ချက်များအတိုင်း လူထုဗဟိုပြုစီမံကိန်းမြို့နယ်ကို ရွေးချယ်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်)၊ ညွှန်ကြားရေးမှူး ဉီးကျော်စွာအောင်မှ ဆွေးနွေးချက်ရလဒ်များအား တင်ပြကာ မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။