သဲကုန်းမြို့နယ်ရှိ စီမံကိန်းလုပ်ငန်း ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

NCDDP’s Activities in Thegon Monitored by Respective Officials

Bago, 22 December 2020, Ministry of Information

သဲကုန်း ဒီဇင်ဘာ ၂၂

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်း မြို့နယ် လူထုဗဟိုပြု စီမံကိန်း၊ ဒုတိယ စက်ဝန်းမှ ရာသီဥတု အခက်ခဲကြောင့် မြေသားလမ်း လုပ်ငန်း နောက်ကျခဲ့သည့် ထန်းပင်မှော် ကျေးရွာအုပ်စု၊ ထန်းပင်မှော် ကျေးရွာနှင့် ကန်ကြီး ကျေးရွာတို့၏ မြေသားလမ်း ခင်းခြင်း လုပ်ငန်း ပြီးစီးမှု အခြေအနေကို ပြည်ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦး၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်ထွန်းနှင့် လူထုဗဟိုပြု စီမံကိန်း တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်း ကြည့်ရှု ခဲ့ရာ လုပ်ငန်း ပြီးစီးမှု အခြေအနေ ၇၅% ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် လုပ်ငန်းကို အနီးကပ်ကြီးကြပ် ဦးဆောင်သည့် လူထုစည်းရုံးရေးမှူး၊ လက်ထောက် နည်းပညာမှူး နှင့် ကျေးရွာ ကော်မတီ ခေါင်းဆောင်များ အား မြေသားလမ်း လုပ်ငန်းခွဲ၏ ဘေးရေမြောင်း များကို ရေစီးရေလာ ကောင်းမွန်ရေးနှင့် မိသားစု အိမ်ခြံများ၏ ရေတွင်းများနှင့် နီးကပ်မှုရှိသော ရေမြောင်းများကို စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထိုနောက် ကျေးရွာကော်မတီခေါင်းဆောင်များအား မိမိကျေးရွာ ရေရှည် ဖွံ့ဖြိုး တိုးတက်ရန် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်သည့် လူထု ဗဟိုပြု စီမံကိန်း၏ ဖွံ့ဖြိုးရေး အစီအစဉ်များ၊ ပူးပေါင်း ပါဝင် ဆောင်ရွက်ရ သည့် အလေ့ အကျင့် ကောင်းများ၊ ဦးဆောင်မှု အခန်းကဏ္ဍများကို ရေရှည် ထိန်းသိမ်း ဆောင်ရွက်ရန် အရေးကြီး ကြောင်း စသည်ဖြင့် တိုက်တွန်း အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

 

နိုင်လင်း(သဲကုန်းပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25535