ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း လျာထား လုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ကျောက်တန်း စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများတွင် သွားလာရေး အဆင်ပြေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ကျေးရွာများ အရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း လျာထား လုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းများမှာ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရန် ၊နွေရာသီ ရေရှားပါး ပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စု ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း(၃)ခု၊ မြေသားရေကန်အနက်နှိုက်ခြင်းလုပ်ငန်း(၄)ခု ၊ရေကန်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း (၆) ခုနှင့် ပြည်သူများ၏ ဒေသထွက်ကုန်၊ထုတ်ကုန်များ တင်ပို့ရာတွင် ကုန်ကျစရိတ်သက်သာ စွာဖြင့် လွယ်ကူ လျင်မြန်စွာ တင်ပို့ရောင်းချ နိုင်စေရန်အတွက် ကုန်ထုတ် ဂဝံလမ်း (၁)လမ်း၊ Box Culvert (၂) စင်း၊ စုစုပေါင်း လုပ်ငန်း(၁၆) ခု၊ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ တိုးတက်စေရန် အတွက် မြစိမ်းရောင် ကျေးရွာ စီမံကိန်းအား ကျေးရွာ( ၃၇) ရွာတွင် အရင်း မပျောက် လည်ပတ် ရန်ပုံငွေအား အတိုးနှုန်း (၅၀)ပြား နှုန်းဖြင့် ထုတ်ချေးပေးခြင်း၊ အဆိုပါ မြစိမ်းရောင် အတိုးရငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးအတွက် ဘက်စုံသုံးခန်းမနှင့် (၂)ခန်းတွဲ အိမ်သာများ တည်ဆောက်ခြင်း လုပ်ငန်း(၄) ခု၊ ကွန်ကရစ်လမ်း(၁) လမ်း၊ အုတ်ရေမြောင်း(၁) ခု၊ဂါလံ(၂၀၀၀) ဆံ့ အုတ်ရေကန် (၁) ခု၊မြေသားရေကန် အနက်နှိုက် တူးဖော်ခြင်း(၁)ခု စုစုပေါင်း လုပ်ငန်း(၈) ခုအား ကျေးရွာ(၈) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ စီးပွါးရေးကုစားမှု Covid-19 Economic Relief Plan (CERP) အစီအစဉ်အရ ကျေးလက် နေ ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးလက်ဒေသများတွင် အခြေခံအဆောက်အဦများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ Cash For Work(CFW) စီမံကိန်းအား ကျေးရွာ(၅)ရွာတွင် ဆောင်ရွက်ခဲ့ပြီး ဗြူးပင်(ဒီရေတောပင် )စိုက်ပျိုးခြင်းလုပ်ငန်း(၁)ခု၊ မြေသားရေကန် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(၃) ခု၊ မြေသား တာဘောင်တင်ခြင်း လုပ်ငန်း(၂)ခု၊ မြေဖို့ခြင်းလုပ်ငန်း(၂) ခု၊ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း (၅) ခု၊မြေသား ရေကန်ဘောင် ပြုပြင်ခြင်း လုပ်ငန်း(၃)ခု၊ မြေသားရေကန် ဘောင်တုတ်ရိုက်ခြင်း လုပ်ငန်း(၁) ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း(၁)ခုနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ အမိုးလဲခြင်း လုပ်ငန်း (၁) ခု ၊ ပေါင်း လုပ်ငန်း(၁၉) ခုနှင့် ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချ နေသူများအား သွင်းအား စုနှင့် အရင်းအနှီးများ ရရှိစေရန် အတွက် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP) အား ကျေးရွာ (၁) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အဆိုပါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း ကျောက်တန်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းဝင်းလတ် ထံမှ သိရသည်။

ခင်ဆွေဝင်း (ကျောက်တန်း)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12527