ပေါက်မြို့နယ် ရှားပင်ရေကျေးရွာ Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် နံ့သာကျေးရွာအုပ်စု ရှားပင်ရေကျေးရွာမှာ Cash for Work စီမံကိန်းနဲ့ ကျေးရွာတွင်း မြေသားလမ်းအား ကျေးရွာနေ ပြည်သူများရဲ့ လုပ်အားနဲ့ မြေနီ ကျောက်စရစ်လမ်းခင်းခြင်းနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြည့်ရှု့ ခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုကို စံချိန်စံညွှန်းများနဲ့ အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်း အချိန်မှီ ပြီးစီးအောင်မြင်ရေးအတွက် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးသန့် လူထု ဗဟိုပြု စီမံကိန်းမှ နည်းပညာအကြံပေး ကျားမ ရေးရာ တာဝန်ခံ ဦးမျိုးမင်းထွန်းနဲ့ ကျေးရွာ တာဝန်ကျ ဝန်ထမ်းများနှင့်အတူ ကွင်းဆင်း တိုင်းတာ စစ်ဆေး ခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု ရှိစွာ ဆောင်ရွက်ရန်နှင့် ချမှတ်ထားတဲ့ မူဘောင်များကို အလေးထား လိုက်နာဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါတယ်။

ပေါက်မြို့နယ် ရှားပင်ရေကျေးရွာနေ မမြင့်မြင့်ခိုင်ကလည်း Cash for Work စီမံကိန်း နဲ့ လုပ်ငန်း ဆောင်ရွက်မှုနဲ့ ပတ်သတ်ပြီးတော့ အခုလို ပြောပြထားပါတယ်။

“Cash for Work စီမံကိန်းမှာ ရှားပင်ကျေးရွာကို ငွေ သိန်း ၁၀၀ ရရှိရာ၊ အဲဒီ သိန်း ၁၀၀ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ ရေမြောင်းက ပေ ၁၂,၀၀၀ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မြေနီလမ်းက တော့ ပေ ၂၅၃၅ ပေ ခင်းပြီး ဖြစ်ပါတယ်။ အခုလို Cash for Work စီမံကိန်းမှ ကျေးရွာ လူထုကို ကိုဗစ် ကာလအတွင်းမှာ သိန်း ၁၀၀ ထောက်ပံ့ပေးတဲ့အတွက် ကျမတို့ ကျေးရွာသူ ကျေးရွာသားတွေ လုပ်ငန်း အခွင့်အလမ်းများလည်း ရရှိပြီး ငွေကြေးများလဲ ရရှိတဲ့ အတွက် စားဝတ်နေရေး အထိုက်အလျောက် အဆင်ပြေ ချောမွေ့ပါတယ်။ အဲဒီအတွက်ကြောင့် Cash for Work စီမံကိန်းကို အထူးကျေးဇူးတင်ပါတယ်ရှင့်။”

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်းလုပ်ငန်းကို ပေါက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၈ ရွာမှာ ကျေးရွာတင်း မြေနီကျောက်စရစ်ခင်း ခြင်းလုပ်ငန်း၊ ရေနုတ်မြောင်းများ တူးဖော်ခြင်းနဲ့ မြေသားလှောင်ကန် တိုးချဲ့ပြုပြင် တူးဖော်ခြင်း လုပ်ငန်းများကို ကျေးရွာ တစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေ သိန်း ၁၀၀ စီ အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)၊ မျိုးဝင်းထွန်း (CSAGS)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information