ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုတွင် Cash for Work စီမံကိန်းလုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်

ရှမ်းရွာသစ်  ဩဂုတ်၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စုတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်းကျောက်ရောမြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၁၀၀)ချထားပေးပြီး မိမိတို့ကျေးရွာ၏ လိုအပ်သောလမ်းခင်းခြင်း၊ ရေနှုတ်မြောင်းများတူးဖော်ခြင်းလုပ်ငန်းများကို ယခုနှစ်ဘဏ္ဍာရေးနှစ်အကုန်တွင် အပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်တစ်ရပ်ဖြစ်ပြီး ဝင်ငွေနည်းကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းဖြင့် ချက်ခြင်းဝင်ငွေရရှိကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းတွင် လမ်းအရှည် (၂၅၂၀) ပေ၊ အကျယ် (၂၀) ပေ၊ ထု (၉) လက်မရှိသော ကျောက်ရောမြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ခွင့်ပြုငွေကျပ် (၁၀) သန်းဖြစ်ပြီး ထိုကျေးရွာတွင် အိမ်ခြေ (၃၆၃) အိမ်နှင့် လူဦးရေပေါင်း (၁၉၉၅) ဦးရှိကြောင်း၊ (၄၀) ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ယခင်ကထက်ပိုမိုဖွံ့ဖြိုးလာပြီး မိသားစုများလည်း အပိုဝင်ငွေရရှိ၍ အဆင်ပြေကြကြောင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

ဇင်လေး (ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/5772