ကမ္ဘာ့ဘဏ်၏ လူထုဗဟိုပြုစီမံကိန်း ပုလောမြို့နယ်ကို ပထမဦးစားပေး ရွေးချယ်

ထားဝယ်၊ ဖေဖော်ဝါရီ ၆၊ the Voice Media Coverage

 

ကျေးရွာအုပ်စု တစ်ခုလျှင် (အနည်းဆုံး) ငွေကျပ် သန်းနှစ်ဆယ်ကျော် ထောက်ပံ့ငွေ ရရှိမည့် ကမ္ဘာ့ဘဏ်၏ လူထု ဗဟိုပြု စီမံကိန်းတွင် ပုလောမြို့နယ်ကို တနင်္သာရီတိုင်းဒေသအတွင်း ပထမ ဦးစားပေး အဖြစ် ရွေးချယ်လိုက်သည်။

 

တနင်္သာရီတိုင်းအတွင်း မြို့နယ်များအနက် လူထုဗဟိုပြုစီမံကိ်း အကောင်အထည်ဖော်ရန် ဖေဖေါ်ဝါရီ ၅ ရက်နေ့က ကျင်းပသည့် စီမံကန်း မြို့နယ် ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးတွင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ အစည်းအဝေးသို့ တိုင်းအတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီအချို့၊ လူမှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ တက်ရောက်ကြပြီး၊ ၎င်းတို့က အုပ်စု ၁၀ ခုခွဲကာ အုပ်စုအလိုက် ဆွေးနွေးအမှတ်ပေးသည့် စနစ်ဖြင့် ရွေးချယ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူထုဗဟိုပြု စီမံကိန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စတင် အကောင်အထည်ဖော်နေပြီး၊ မြို့နယ် ၆၃ ခု ၌ စတင်နေရာမှ လက်ရှိတွင် မြို့နယ် ၁၃ ခုကို ထပ်မံရွေးချယ်ရာ တနင်္သာရီတိုင်းတွင် ပုလောမြို့နယ်က ရွေးချယ်ခံရခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံရှိ နေပြည်တော် ကောင်စီ နယ်မြေနှင့် ကယားပြည်နယ်မှ လွဲ၍ ကျန်သည့် တိုင်းနှင့် ပြည်နယ်များတွင် မြို့နယ် တစ်ခုစီ ရွေးချယ်မည် ဖြစ်ကြောင်း လူထု ဗဟိုပြု စီမံကိ်နး၏ စီမံကိန်း မန်နေဂျာ ဦးလှခိုင်က ရှင်းပြသည်။

 

စီမံကိန်း မြို့နယ်ကို ဆင်းရဲ နွမ်းပါမှု အညွှန်းကိန်း၊ အခြား ကူညီထောက်ပံ့မှု မရှိခြင်း သို့မဟုတ် ကူညီထောက်ပံ့မှု ငါးဆယ်ရာခိုင်နှုန်းအောက်သာ ရှိခြင်း အစရှိသည့် အချက်အလက်များဖြင့် တိုက်ဆိုင်ကာ အမှတ်ပေး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

 

တနင်္သာရီတိုင်းအတွင်း မြို့နယ် ၁၀ ခုရှိသည့်အနက် ထားဝယ်၊ မြိတ်၊ ပုလောနှင့် ကော့သောင်းမြို့နယ်များကိုသာ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်စေခဲ့ခြင်း ဖြစ်သည်။

 

ကျန်သည့် မြို့နယ်များက လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော်နေခြင်း၊ အခြားစီမံကိန်းမှ အထောက်အပံ့များ ရရှိနေခြင်းတို့ကြောင့် အထက်ပါ မြို့နယ် လေးခုကိုသာ ရွေးချယ်ခြင်း ဖြစ်ကြောင်း ဦးလှခိုင်က ဆိုသည်။

 

“လူထုက ကိုယ့်ဘာသာကို ရွေးချယ်၊ ကိုယ့်ဘာသာကို အကောင်အထည်ဖော်၊ ကိုယ့်ဟာကိုပဲ ရရှိလာတဲ့ အသီးအပွင့်ကို ခံစား အဲလိုနည်းနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းကို လုပ်တဲ့ စီမံကိန်း ဖြစ်ပါတယ်ဗျ” ဟု ဦးလှခိုင်က ပြောသည်။

 

ထောက်ပံ့သည့် ငွေကြေးကို ကျေးရွာအုပ်စု စီမံကိန်း အထောက်အကူပြု ကော်မတီထံ ဘဏ်ငွေစာရင်းမှ တစ်ဆင့် တိုက်ရိုက် ထောက်ပံ့မည် ဖြစ်ကြောင်း စီမံကိန်း အချက်အလက်အရ သိရှသည်။

အဆိုပါ စီမံကိန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်မည် ဖြစ်ပြီး၊ စီမံကိန်း ကာလမှာ လေးနှစ် ဖြစ်ကြောင်း ဦးလှခိုင်က ပြောသည်။

 

ယင်းထောက်ပံ့ငွေဖြင့် ရွေးချယ်ခံရသည့် မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုတိုင်းတွင် အခြေခံ အဆောက်အဦကို အဓိကထား လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

စီမံကိန်း အကောင်အထည်ဖော်မည့် မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုနှင့် ကျေးရွာတိုင်းတွင် စီမံကိန်း အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းရမည် ဖြစ်ပြီး၊ ယင်းကော်မတီတိုင်းတွင် အမျိုးသမီး ဦးရေ ငါးဆယ်ရာခိုင်နှုန်း ပါဝင်ရမည် ဖြစ်ကြောင်း စီမံကိန်း အချက်အလက်အရ သိရသည်။

 

စီမံကိန်း မြို့နယ် ရွေးချယ်ပြီးနောက် ကျေးရွာအုပ်စု လူဦးရေ၊ အုပ်စုအတွင်း ကျေးရွာအရေအတွက်နှင့် လူဦးရေအပေါ်မူတည်ကာ တစ်နှစ်လျှင် ငွေကျပ် ၂၄ သန်းမှ ၂၂၀ သန်းအထိ ထောက်ပံ့ငွေ ရရှိမည် ဖြစ်ကြောင်း လူထုဗဟိုပြု စီမံကိန်း အရ သိရသည်။

 

၂၀၁၉ ခုနှစ် စာရင်းအရ ပုလော မြို့နယ်တွင် ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၂၇ အုပ်စု ရှိသည်။

 

သတင်း - Dawei Watch, the Voice Media