ပူတာအိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ (၁၄.၁.၂၀၁၉)ရက်နေ့တွင်ကျင်းပ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း အကောင်အထည်အဖော်ဆောင်ရွက်သည့် ပူတာအိုမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ (၁၄.၁.၂၀၁၉)ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပူတာအိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးရွှေမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ မြို့နယ်အဆင့်သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ၊ ရှေဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်မှ လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများမှ လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ ရှင်းလင်းဖြေကြားခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသော ကျေးရွာအုပ်စုနှင့် ကျေးရွာ ကိုယ်စားလှယ်များအား အဖွဲ့(၇)ဖွဲ့ခွဲပြီး စီမံကိန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဘာတွေအကောင်းဆုံးလုပ်နိုင်ခဲ့သလဲ၊ ဘာတွေအခက်အခဲရှိလဲနှင့် နောက်နှစ်တွင် ဘာတွေလုပ်ပေးဖို့လိုအပ်သလဲဆိုတာကို တက်ကြွစွာ ဆွေးနွေးခဲ့ပါသည်။ ညနေပိုင်းတွင် အဖွဲ့(၁)ဖွဲ့ခြင်းမှ ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းတစ်နှစ်တာဆောင်ရွက်ထားရှိသည့်များထဲမှ အကောင်းဆုံးကျေးရွာ အုပ်စုများမှာ လုံရှာယန်ကျေးရွာအုပ်စု၊ ဆာရ်ခွမ်ဒမ်း ကျေးရွာအုပ်စု၊ ပူတောင်းကျေးရွာအုပ်စုနှင့် အကောင်းဆုံးကျေးရွာများမှာ အဒေဒီကျေးရွာ၊ မူလာအွန်ကျေးရွာ၊ မာမိန်ရှီးဒီကျေးရွာ ဖြစ်ကြောင်းကြေငြာကာ တာဝန်ရှိသူများမှ ဆုရအုပ်စုနှင့်ကျေးရွာများအာ ဆုများပေးအပ်ချီးမြှင့်ကြပါသည်။ ကချင်ပြည်နယ်စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းချစ်မှ နိဂုံးချုပ်အမှာစကာပြောကြားကာအခမ်းအနားကိုအောင်မြင်စွာကျင်းပြီးဆုံးခဲ့ပါသည်။