ကော့မှူးမြို့နယ် TPIC အဖွဲ့မှ လူထုဗဟိုပြုစီမံကိန်းတွင်ဆောင်ရွက်မည့် လုပ်ငန်းရပ်များဆွေးနွေးညှိနှိုင်းခြင်း

           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကော့မှူးမြို့နယ်လူထုဗဟိုပြုစီမံကိန်း၏ စတုထ္ထနှစ်စက်ဝန်းအတွက် ကျေးရွာလူထုမှတင်ပြလာသော ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းခွဲများ ဆွေးနွေးခြင်း မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး (TPIC Meeting) အား နိုဝင်ဘာလ ၉ ရက် နံနံက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ ကျင်းပခဲ့သည်။

          အဆိုပါဆွေးနွေးပွဲတွင် ကော့မှူးမြို့နယ်လူထုဗဟိုပြုစီမံကိန်းစတုတ္ထနှစ်စက်ဝန်းအတွက် ကျေးရွာအုပ်စု (၃၂)အုပ်စု ကျေးရွာပေါင်း (၇၄)ရွာမှ တင်ပြလာသည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများဖြစ်ကြသော တံတားလုပ်ငန်း (၂) ခု ၊ အဆောက်အဦး (၂၅) ခု၊ ခြံစည်းရိုး (၈) ခု၊ လမ်းလုပ်ငန်း (၆၇) ခု၊ ရေပေးရေး (၁) ခု နှင့် လမ်းဘေးအုတ်စီရေမြောင်း (၂) ခု စုစုပေါင်းလုပ်ငန်းခွဲပေါင်း (၁ဝ၅) ခုကို စီမံကိန်းတာဝန်ခံမှ ဌာနဆိုင်ရာများအား ချပြရှင်းလင်းကာ အတည်ပြုချက် တောင်းဆိုခဲ့ကြသည်။

          ယင်းဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ နှင့် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ တို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။