ပေါက်မြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ

အင်္ဂါနေ့ ၊ အောက်တိုဘာလ (၃၀) ရက် ၊ ၂၀၁၈

‌မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း(တတိယစက်ဝန်း)၌ မြို့နယ်စီမံကိန်းရေး ဆွဲရေးနှင့် အကောင်အထည်ဖော်ဆောင်နိုင်ရေးကော်မတီအစည်းအဝေးကို ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ အောက်တိုဘာ (၃၀)ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် ကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် (တတိယနှစ်စက်ဝန်း)အတွင်း စီမံကိန်း ကျေးရွာအုပ်စုများမှ တင်ပြလာသော စီမံကိန်းလုပ်ငန်းခွဲများအတည်ပြုဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေး နွေးဆောင်ရွက်ကြပြီး၊ ပေါက်မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ဉက္ကဌ ဦးကျော်စွာအုန်း မှ လူထုဗဟိုပြုစီမံကိန်း၏ လုပ်ငန်းခွဲများအတည်ပြုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာလုပ်ငန်းများနှင့် ထပ်တူဆောင်ရွက်မှုမရှိစေရန် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

၎င်းနောက် လူထုဗဟိုပြုစီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော် မှ ကျေးရွာအုပ်စု (၃၇)အုပ်စု ကျေးရွာပေါင်း (၁၀၂)ရွာ တွင် ဆောင်ရွက်မည့် လုပ်ငန်းခွဲပေါင်း (၁၁၃)ခုအား ဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးခဲ့ပါသည်။ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက စီမံကိန်းကျေးရွာများမှ တင်ပြလာ သော လမ်းပြုပြင်ခြင်း(၃၉) ခု၊စာသင်ကျောင်းပြုပြင်တည်ဆောက်ခြင်း (၂၉) ခု၊ကျေးလက်မီးလင်းရေးလုပ်ငန်း (၃၅) ခု၊ကျေးရွာစုရပ်ဆောင်ဆောက်လုပ်ခြင်း(၄) ခု၊မြေထိန်းနံရံတည်ဆောက်ခြင်း(၂) ခု၊အားကစားကွင်း (၁) ခု၊ရေရရှိရေးလုပ်ငန်း(၃) ခု၊စုစုပေါင်း(၁၁၃)ခုအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးညှိနှိုင်း ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။