၁၇ ဇန်နဝါရီ ၂၀၂၁
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း နဘူးနှစ်ခြားကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ ရွာချင်းဆက်ကွန်ကရစ်လမ်းဖွင့်ပွဲကို ကျေးရွာကော်မတီဝင်များ ဦးဆောင်၍ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် (8:00)နာရီတွင် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။
ရှေ့ဦးစွာ အဆိုပါကွန်ကရစ်လမ်းအား ပရိတ်ရွတ် တရားနာပြီးနောက် လူထုဗဟိုပြုစီမံကိန်း နည်းပညာ အကြံပေးအဖွဲ့မှ ဘဏ္ဍာရေးတာဝန်ခံ နော်နီနီထွန်း၊ ကျေးရွာဥက္ကဌ ဦးစိုးဝင်းသန်းတို့မှ လမ်းအထိမ်းအမှတ် ကျောက်စာတိုင်အား အမွှေးနံ့သာများ ပတ်ဖြန်း၍ ဖဲကြိုးဖြတ်ဖွင့်လစ်ပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ရွာချင်းဆက်ကွန်ကရစ်လမ်းမှာ နောင်ဟင်ကျေးရွာနှင့် ချိတ်ဆက်လျက်ရှိပြီး လူထုဗဟိုပြု စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၄၀) နှင့် လူထုထည့်ဝင်ငွေကျပ် (၄၇၀,၀၀၀)တို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း အတိုင်းအတာ အားဖြင့် အရှည် ၁၄၇၀ ပေ x အကျယ် ၁၄ ပေ နှင့် အထူ ၇ လက်မ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုလမ်းဖြစ်မြောက်ရေး နည်းပညာအကူအညီများအားဖြင့် လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ် နန်းနွယ်ဇင်ဦး၊ လူထုစည်းရုံးရေးမှူး နော်ချယ်ရီဦးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူးပေါင်း ပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါသည်။
ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် ဘုရားကုန်းကျေးရွာမှ အိမ်ထောင်စု(၉၂)စု လူဦးရေ (၅၄၈) ဦးတို့အတွက် နှစ်စဉ်ကြုံတွေ့နေရသော မိုးရာသီ လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေးလွယ်ကူ အဆင်ပြေလာပြီဖြစ်ကြောင်းသိရပါသည်။