နေပြည်တော်ရုံးချုပ်မှ ကွင်းဆင်းခြင်းနှင့် လူထုတွေ့ဆုံပွဲပြုလုပ်

 ၁၇ နိုဝင်ဘာလ ၂၀၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Dr.ခင်ဇော်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တို့မှ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံကျေးရွာတွင်ရှိသော ကျေးရွာသူ/သားများနှင့်တွေ့ဆုံပွဲ အစီအစဉ်ကို ယနေ့နံနက် (8:45) တွင် ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ကျေးရွာ၌အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွဲ ကျောင်းခြံစည်းရိုးလုပ်ငန်းဆောင်ရွက်မှု၊ ကျေးရွာအနေဖြင့် မြစိမ်းရောင်စီမံကိန်းမှ လုပ်ဆောင်နေသော လုပ်ငန်းဆောင်တာများ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ကျေးရွာသူ/သားများ၊ ကဏ္ဍအလိုက်ကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လာမည့်နှစ် စီမံကိန်းလုပ်ငန်းများအား ကျေးရွာသူ/သားများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ကြရန်၊ ကျေးရွာတာဝန်ရှိသူများအနေဖြင့်လည်း စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော်ကြရန်၊ ကျေးရွာသူ/သားများအနေဖြင့် ကိုယ်တက်စွမ်းသောဖက်မှ မိမိတို့ကျေးရွာဖွံ့ဖြိုးစေရန်အတွက် ပူးပေါင်းပါဝင်ကြရန် စသော အားပေးစကားများပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျေးရွာသူ/သားများ၊ ကဏ္ဍအလိုက်ကော်မတီဝင်များနှင့် စီမံကိန်းဝန်ထမ်းများ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ကြပါသည်။