ပဲခူးတိုင်းဒေသကြီးအတွင်တွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ပွဲကျင်းပ

ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း တတိယနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၄ နိုဝင်ဘာလ ၁၁ ရက်နေ့က ပဲခူးမြို့၊ မြိုတော်ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးတင်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ကမ္ဘာ့ဘဏ်မှ Country Office Mr. Nikolus Myint တိုု့က မိတ်ဆက်စကား ပြောကြားပြီးနာက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်းချုပ်နှင့် မြို့နယ်ရွေးချယ်ရန် အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြပါသည်။ ထို့နောက် အစည်းအဝေး အစီအစဉ်အတိုင်း တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ တက်ရောက်လာသူများက အဖွဲ့ငယ် ၁ဝ ဖွဲ့ခွဲ၍ ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ်ခြင်း၊ အဖွဲ့အသီးသီးမှ ကိုယ်စာလှယ်များမှ အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊  အဖွဲ့လိုက်တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ ပဲခူးတိုင်းဒေသကြီးအတွင်း စီမံကိန်းခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၅ မြို့မှာ-

(၁) မိုးညိုမြို့နယ်

(၂) ကျောက်ကြီးမြို့နယ်

(၃) ပန်းတောင်းမြို့နယ်

(၄) သဲကုန်းမြို့နယ်

(၅) ရွှေကျင်မြို့နယ်

ဖြစ်ပါသည်။