လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွင်ဝင်သင်တန်း (Start-up Training) အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအ နား ကျင်းပပြုလုပ်

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း လုပ်ငန်းခွင်ဝင်သင်တန်း (Start-up Training) အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားကို (၁၇.၁.၂၀၁၇) ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းကို (၁.၂.၂၀၁၇) ရက်နေ့အထိ နေပြည်တော် ကောင်စီနယ်မြေအတွင်းတွင် ပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီး (၈)ခုရှိ စီမံကိန်းမြို့နယ် (၂၉)မြို့နယ်မှ သင်တန်းသားဦးရေ (၁၂၀)ဦးခန့် တက်ရောက်သင်ယူကြမည်ဖြစ်ပါသည်။ သင်တန်းပို့ချရခြင်းမှာ ယခုစတုတ္ထနှစ်စက်ဝန်းကို စတင်အ ကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်သည့်အလျောက် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရာ၌ အခက်အခဲမရှိဘဲ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ မိမိတို့မြို့နယ်များသို့ ပြန်လည်ရောက်ရှိသည့်အခါ လက်ထောက် နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများကို သက်ဆိုင်ရာကဏ္ဍအလိုက် သင်တန်းပြန်လည်ပို့ချပေးနိုင်စေရန်နှင့် စီမံကိန်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်ပါသည်။

အဆိုပါလုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၃)ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားရာ၌ စီမံကိန်းတွင် ပြည်သူကိုအကောင်းဆုံး service ပေးရန် စီမံကိန်း၏ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ (procedures)နှင့် လုပ်ငန်းစဉ်များ (processes) ချမှတ်ထားပြီး လိုက်နာရန်အရေးကြီးပါကြောင်း၊ စီမံကိန်းတွင် ပြည်သူများပါဝင်ဆောင်ရွက်ရသည်ဖြစ်၍ သင်တန်းများသည် အရေးကြီးပါကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံကိန်းတွင် တာဝန်ယူတာဝန်ခံနေကြရသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်/အရည်အချင်းများသည် အရေးပါ၍ တစ်နှစ်တည်း၊ တစ်ချိန်းတည်းနှင့် ပြီးဆုံးသွားမည်မဟုတ်သောကြောင့် စဉ်ဆက်မပြတ် သင်ကြားပို့ချပေးနေရမည်ဟု ခံယူထားပါကြောင်း၊ လိုက်နာရန်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ မည်သို့ပင်ရှိနေသော်လည်း ဒေသတစ်ခုနှင့်တစ်ခု မတူညီသောကြောင့်သော်လည်းကောင်း၊ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သော်လည်းကောင်း၊ ပြောင်းလဲလာသောဖြစ်စဉ်များကြောင့်သော်လည်းကောင်း ကမ္ဘာ့ဘဏ်မှ ပြင်ဆင်ဖြည့်စွက်ရတာတွေလည်း ရှိနေတတ်ပါကြောင်း၊ နှစ်စဉ်ဝန်ထမ်းဟောင်းများမှ ပြန်လည်ပြင်ဆင်ချက်များနှင့် ပတ်သက်၍ သင်တန်းပို့ချပေးနိုင်မှသာ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး ဤသို့မဆောင်ရွက်ပါက အောက်ခြေတွင် မျှော်မှန်းသလောက် service ပေးနိုင်မည်မဟုတ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းတက်ရောက် လာသူများ အနေဖြင့် အောက်ခြေတွင် အမှန်တကယ်ဆောင်ရွက်နေကြရသူများဖြစ်၍ အမှန်ပင်အ ရေးကြီးပါကြောင်း၊ သင်တန်းချိန်အတွင်းတွင် အချိန်အားဖြင့်ရော ကုန်ကျငွေအားဖြင့်ပါ အကျိုးရှိ အောင် နိုင်ငံတကာများနှင့် ဌာနတွင်းဝန်ထမ်းများမှ ပို့ချပေးသည်များကို စနစ်တကျ လိုက်နာကြ၍ ပြန်လည်မျှဝေကြပါရန်၊ ပြီးခဲ့သောအတွေ့အကြုံများအရ အခက်အခဲများစွာရှိခဲ့သဖြင့် သင်တန်းကာလဆုံတွေ့ကြချိန်တွင် knowledge sharing တတ်နိုင်သမျှ ပြုလုပ်ကြမှသာ အကျိုးရှိမှာဖြစ်ပါကြောင်း၊ ဤစီမံကိန်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် resource တွေ အများအပြားကျန်နေခဲ့ပြီး ရသင့်ရထိုက်သည့် နည်းပညာများ ရထားမှသာ နောင်တစ်ချိန်တွင် နောက်ထပ် resource တွေရပြီး ထပ်မံတိုးချဲ့မှုတွေလုပ်မည်ဆိုပါက Technical Assistance များအတွက် ကုန်ကျစရိတ်များ သက်သာစေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများသည် cost effective ဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း၊ ဒါကြောင့် စီမံကိန်းအတွက်သာမက မိမိဘဝရှေ့ရေးအတွက်ပါ အလေးထားသင်ယူကြဖို့ မှာကြားလိုပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးကောင်းမွန်လာအောင်၊ တစ်နှစ်ထက်တစ်နှစ် ပိုပြီး အရည်အချင်းကောင်းမွန်လာအောင်၊ အချိန်မီ အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲတတ်ဖို့ (အဓိကနှင့် သာမညကို ခွဲခြားတတ်ဖို့) အရေးကြီးပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့ပါသည်။

လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁) ကို (၃၀.၁၁.၂၀၁၆) ရက်နေ့မှ (၁၃.၁၂.၂၀၁၆) ရက်နေ့အထိ နှင့် အမှတ်စဉ်(၂) ကို (၂၂.၁၂.၂၀၁၆) ရက်နေ့မှ (၁၀.၁.၂၀၁၇) ရက်နေ့အထိ နေပြည်တော်ရှိ သင်တန်းခန်းမများတွင် ပို့ချခဲ့ပြီးဖြစ်ပါသည်။