လူထုဗဟိုပြုစီမံကိန်းတတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ဖိတ်ကြားလွှာ

လူထုဗဟိုပြုစီမံကိန်းတတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ဖိတ်ကြားလွှာ

၁၅ စက်တင်ဘာလ၊ ၂ဝ၁၆၊ နေပြည်တော်။ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုခန်းမ - ၂။

မိတ်ဆွေများခင်ဗျား-

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဦးစီး၍ လူထုအခြေပြုဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း)၏ တတိယနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုခန်းမ - ၂၊ နေပြည်တော်ကောင်စီနယ်မြေ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အခမ်းအ နား၏ ရည်ရွယ်ချက်မှာ တက်ရောက်လာသူအားလုံး စီမံကိန်းတတိယနှစ်အတွေ့အကြုံများအပေါ် ပြန်လည်သုံးသပ်ရန်နှင့်  စီမံကိန်း မြို့နယ်များ တိုးချဲ့သတ်မှတ်ဆောင်ရွက်ရန် ဖြစ်ပါသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသူဦးရေ (ခန့်မှန်း) (၅၇၃) ဦးခန့် တက်ရောက်မည်ဖြစ်ပြီး ကျေးရွာလူထုကိုယ်စားလှယ်များ၊ ပြည်ထောင်စု အဆင့်နှင့် မြို့နယ်အဆင့် စီမံကိန်းဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့အစည်းမှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများအနေဖြင့် လူထုကိုဗဟိုပြုသော နည်းလမ်း အသုံးပြု၍ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်တက်လာစေရန်၊ ထိုအခြေခံအဆောက်အုံများကို လက်လှမ်းမီအသုံးချ၍ အကျိုးခံစား ခွင့်ရရှိစေရန်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် အရေးပေါ်အခြေအနေများတွင် လျင်မြန်စွာတုံ့ပြန်နိုင်စေရန် ရည်ရွယ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းစက်ဝန်းသုံးခုအတွင်း မြို့နယ် (၂၇) မြို့နယ်တွင် စီမံကိန်းလုပ်ငန်းခွဲ (၄၅၀၂) အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း  (၃၃၅၇၅.၅၆၅) ခန့် ထောက်ပံ့နိုင်ခဲ့ပြီး အကျိုးခံစားရသူဦးရေ (၂၅၇၂၁၅၂) ခန့် ရှိပါသည်။ အခမ်းအနားတွင် စီမံကိန်းတိုးချဲ့ဆောင်ရွက်ရန်အတွက် အတည်ပြုထားပြီးဖြစ်သည့် ကမ္ဘာ့ဘဏ်မှ ချေးငွေ သန်း ၄ဝဝ အပါအဝင် အီတလီအစိုးရထံမှ ချေးငွေ ယူရိုသန်း ၂ဝ နှင့် ဂျပန်အစိုးရထံမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၁.၅ သန်းဖြင့် စီမံကိန်းတိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကိုရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်အစိုးရ၏ ထည့်ဝင်မှုများနှင့်အတူ မြို့နယ် ၆၃ မြို့နယ်အတွင်းရှိ လူဦးရေ ၇ သန်းအတွက် စီမံကိန်းတိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လာမည့်စတုတ္ထနှစ်တွင် မြို့နယ်အသစ် (၂၀) မြို့နယ်တွင်  တိုးချဲ့ဆောင်ရွက်မည် ဖြစ်ပါသည်။

လူထုဗဟိုပြုစီမံကိန်း ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဤဆွေးနွေးပွဲသို့ တက်ရောက်၍ ကျွန်တော် တို့နှင့်အတူတကွ ပါဝင်ဆွေးနွေးပေးနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ တက်ရောက်ရန် စိတ်ပါဝင်စားသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် ကျေးဇူးပြု၍ ၂ဝ၁၆၊ စက်တင်ဘာလ (၁ဝ) ရက်နေ့ထက် နောက်မကျဘဲ ဦးနေမျိုးကျော် သို့မဟုတ် ဒေါ်အိစန္ဒာ cdd.drdmyanmar@gmail.comသိုု့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခမ်းအနား နှင့်ပတ်သက်၍ သိရှိလို ပါကလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဖိတ်စာနှင့်အတူ ဆွေးနွေးပွဲအစီအစဉ် (မူကြမ်း) အားပူးတွဲပေးပို့အပ်ပါသည်။

လေးစားစွာဖြင့်

 

ကျော်စိုး

ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စီမံကိန်းမန်နေဂျာ၊ လူထုအခြေပြု ဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း)

Documents: