ကယားပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်းအစည်းအဝေး

ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း တတိယနှစ်အတွက် ကယားပြည်နယ်အတွင်း စီမံကိန်းအကျိုး ခံစားခွင့်ရမည့် မြို့နယ်တစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၅ မတ်လ ၆ ရက်နေ့က လွိုင်ကော်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ကယားပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် အဖွဲ့၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကယားပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း (၃ဝဝ) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံဆိုင်ရာ Social Development Specialist (JPO) Mrs.Nodoka Hasegawa တိုု့က မိတ်ဆက်စကား ပြောကြားခြင်းများ ပြုလုပ်ပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်းချုပ်နှင့် မြို့နယ်ရွေးချယ်ရန်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ အဖွဲ့ငယ် ၁ဝ ဖွဲ့ခွဲ၍ ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ်ခြင်း၊ အဖွဲ့အသီးသီးမှ တာဝန်ခံများက အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊ အဖွဲ့လိုက်တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ ကယားပြည်နယ်အတွင်း စီမံကိန်းခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၃ မြို့မှာ-

(၁) ပထမဦးစားပေး - ဖရူဆိုမြို့နယ်

(၂) ဒုတိယဦးစီးပေး - ဖားဆောင်းမြို့နယ်

(၃) တတိယဦးစီးပေး - ဒီးမော့ဆိုမြို့နယ်

တို့ ဖြစ်ပါသည်။