လျှပ်စစ်မီး ရရှိပြီးနောက် ဝမ်းသာ ပီတိဖြစ်ခဲ့ ရသည့် ထန်းတပင်မြို့နယ် ကျေးရွာစေတနာ့ဝန်ထမ်း တစ်ဦး ဖြစ်သူ ဒေါ်မြင့်မြင့်ဌေး ၏ ရင်တွင်း ခံစားချက်

ကျွန်မတို့ရွာကို လက်ပံကုန်းရွာဟုခေါ်ပါသည်။ ကျွဲကူး အုပ်စုတွင်ပါဝင်ပါသည်။ ကျွန်မတို့ရွာသူရွာသား များ

သည်ဝင်ငွေချို့တဲ့သူ များပါသည်။ လယ်မြေပိုင်ဆိုင်ပြီး

လယ်လုပ်ငန်း ဖြင့် အသက်မွေးသူ(၇)ဦးသာ ရှိသည်။

စျေးရောင်းစျေးဝယ်လုပ်စားသူ(၅)ဦးခန့်ရှိပြီး၊ကျန်သော အိမ်ထောင်စု (၁၀၀) ကျော်တို့သည် ကျပန်း အလုပ်ဖြင့် လုပ်ကိုင်စားသောက်ကြရသည်။ အခြားနေရာများတွင် လျှပ်စစ်မီးများ လင်းနေ၊ သုံးနေကြသည်ကို တွေ့မြင် ဖူးပေမယ့် ကျွန်မတို့ ရွာကလေးအဖို့ အိမ်မက်မျှပင် မမက်ရဲခဲ့ကြပေ။ ရွာလယ် မှ ဖြတ်သွားသောကားလမ်း

တွင် ဓါတ်တိုင်၊ မီးကြိုးများကိုတွေ့မြင်ဖူးပါသည်။ဓါတ်တိုင် များအောက် မှာနေသောရွာကလေးမီးနှင့်ဝေးနေရသည်မှာ စိတ်မကောင်းပင်ဖြစ်မိပါသည်။

အနီးအနားမှရွာများမီးလင်းခဲ့ပါပြီ။ ကျွန်မတို့လည်း မီးလင်း ချင်ကြသည်။ ထိုအချိန်တွင်ပင် ဦးဝင်းမြင့်(ဗိုလ်ကြီး-ငြိမ်း)မှ ထရန်စဖော်မာ(Transformer)ပုံးလှူ မည်ဟု စ ပြောပါ သည်။ ရွာသူရွာသားများကို စုဝေးကာတစ်လလျင် ငါးသောင်းနှုန်း စတင် ကောက်ခံ ကြသည်။ ၂လကြာ ကောက်ခံပြီးနောက်ပိုင်းတွင် သုံးသောင်းနှုန်းဖြင့် ဆက်လက် စုဆောင်းကာ ဓါတ်မီးတိုင်စိုက် ထူခြင်းနှင့် ကြိုးသွယ်တန်းခြင်း တို့ကိုကျေးရွာ တစ်ပိုင်းခန့်(ပေ ၃၀၀၀) စတင် ဆောင်ရွက် နိုင်ခဲ့ပါသည်။ မီးယူသော အိမ်အရေအတွက်မှာ (၂၇)အိမ်သာ ရှိခဲ့သောကြောင့် အရမ်းကိုအကုန်အကျများခဲ့ရပါသည်။ တစ်အိမ်လျင် ၆ သိန်းကျော်ကုန်ကျ ခဲ့ပါသည်။

ရွာလယ်တွင်ကားလမ်းခြားသွားခြင်းကြောင့်၊ လမ်းတဖက်ခြမ်းတွင် ကျန်နေသေးသော ရွာတစ်ပိုင်းရှိ အိမ်ခြေ (၂၇) အတွက် မီးရရှိရန် ပေ (၂၀၀၀) ခန့်ဆက်လက်ကြိုးစားခဲ့ပြန်ပါသည်။ လစဉ်ငွေကျပ် (၂)သောင်းနှုန်းထည့်ဝင်၍ စုပေါင်းဆောင်ရွက်နေချိန် လူထုဗဟိုပြု စီမံကိန်းမှ ငွေကျပ် (၂၉) သိန်း ပံ့ပိုးကူညီခဲ့သောကြောင့် (၂၃.၁၀.၂၀၁၅) ခုနှစ်တွင် တစ်ရွာလုံးလျှပ်စစ်မီးလင်းခဲ့ရပါသည်။

လမ်းမီးစတင်လင်းချိန်ဖြစ်သော ည (၆) နာရီတွင် ဓါတ်တိုင်များအောက်၌ ကလေး၊လူကြီးတို့ စုဝေး ကခုန်ပျော်ရွှင်ခဲ့ရပါသည်။ “မီးလင်းတဲ့ညပျော်ကြမည်” ဟု ပြောကာ ဓါတ်တိုင်များအောက်တွင် ပြောင်

နေအောင်လှဲကျင်းထားကြပါသည်။ ထိုညက အိပ်မပျော်နိုင်လောက်အောင်ကိုပျော်ရွှင်ခဲ့ကြရပါသည်။

နောက်တစ်နေ့တွင်နေအိမ်များကိုမီးသွယ်ပေးပါသည်။ တတ်နိုင်သူများက ပေါင်းအိုး၊ရေခဲသေတ္တာ၊ ပန်ကာ၊ မော်တာ စသည်ဖြင့် ဝယ်ယူအသုံးပြုကြသည်။ ချို့တဲ့သူများကတော့ အရင်ကထည့်ထားရ

သောငွေ၏ အရင်းနှင့်အတိုးကိုဆပ်ရန်ရှိသလို၊ လျှပ်စစ်မီးနှင့်အသုံးပြုရသောပစ္စည်းများကိုလည်း လိုချင်ဖြစ်ရပါသည်။ “မီး…ပူတယ်”ဆိုတာ ဒါမျိုး ဟု နောက်ပြောင်ကြပါသည်။ အဲလိုပူပူနှင့်ပဲ ချက်ဖို့

ပြုပ်ဖို့ ပစ္စည်းများ စ ဝယ်ဖြစ်ခဲ့ကြပါသည်။

လျှပ်စစ်မီးနှင့်ချက်ရသည်မှာကြောက်လည်းကြောက်သည်၊ချက်လည်းချက်ချင်ပါသည်။”ကြောက်ချက်ချင်”

ဖြစ်ရပါသည်။ အချိန်ကုန်သက်သာခြင်း၊ မီးဖိုအတွင်း သန့်ရှင်းနေစေခြင်းတို့ကြောင့် အိမ်ရှင်မတို့ စိတ်ချမ်းသာ ရပါသည်။ မိန်းမတို့အလှသည် မီးဖိုချောင်ဟုရှေးလူကြီးသူမ များပြောစတမ်း ဆိုပါလျင်၊ လျှပ်စစ်မီးသုံးနေသောအိမ်ရှင်မတိုင်းလှနေကြပါမည်။

အိုးတွေမည်းတူးနေတာမရှိတော့ပါ။ ရေနံဆီ မီးခွက်များပျောက်ကွယ်ကုန်ပါပြီ။ ခလုပ်နှိပ်လျင် ရေဖြစ်၊ မီးဖြစ်၍ ပျော်ဖို့အလွန်ကောင်းပါသည်။ ထင်းရှာ၊ ရေခပ် ကိစ္စများသက်သာကုန်ကြပြီ။ အိမ်ရှင်မတို့မှာ အချိန်တွေပိုနေကြပေမယ့် ဝင်ငွေရသော အလုပ်မရှိကြပေ။ ကောက်စိုက်၊စပါးရိတ်သော အလုပ်မှလွဲ၍ ဝင်ငွေရသောအခြားအလုပ်မရှိပါ။ အိမ်ရှင်မ များ ဝင်ငွေပိုရှာနိုင်လျင် လျှပ်စစ်မီးအတွက် ကုန်ကျငွေ အကြွေးများ မြန်မြန်ကျေနိုင်ပါမည်။ ထိုအခါ ပို၍ ပျော်စရာ ကောင်းပါမည်။

ဟိုအရင်တုန်းကနှင့် စာလျင် နေရ၊ထိုင်ရ၊ စားဝတ်နေရေးကိစ္စများပို၍ပြေလည်လာပါသည်။ နောင်တွင်ပို၍ အဆင်ပြေမည်ဟု ယုံကြည်ပါသည်။ ပညာတတ်များပေါများလာမှု၊ ပရဟိတစိတ်ရှိသူများပေါများလာမှု တို့ကြောင့် တိုးတက်ပြောင်းလဲလာပါပြီ။လူထုဗဟိုပြုစီမံကိန်း၏ပံ့ပိုးကူညီမှုတို့ကို မျှော်လင့်ရင်း၊ကျွန်မတို့ ရွာသူရွာသားများ ဘက်ကလည်း အားကြိုးမာန်တက်၊ တက်ညီလက်ညီ၊ ဝိုင်းဝန်းကြိုးစားလျင် အနာဂါတ် လူငယ်တို့ ဘဝသည် လှပလာမည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။

[ဒေါ်မြင့်မြင့်ဌေး (စေတနာ့ဝန်ထမ်း)၊ လက်ပံကုန်းကျေးရွာ၊ ကျွဲကူးကျေးရွာအုပ်စု မှ ရေးသားပေးပို့

သော စာအား မူရင်းအတိုင်း (အနည်းငယ်သာဖြည့်ဆွက်) “အကျိုးခံစားရသူတို့၏အသံများ” အနေဖြင့် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။]