ကရင်ပြည်နယ်အတွင်း စီမံကိန်းအကျိုး ခံစားခွင့် ရမည့် မြို့နယ်နှစ်မြို့နယ် ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေး ကျင်းပပြုလုပ်

ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း ပဥ္စမနှစ်အတွက် ကရင်ပြည်နယ်အတွင်း စီမံကိန်းအကျိုးခံစားခွင့်ရမည့် မြို့နယ် နှစ်မြို့နယ်ရွေးချယ်ရန် အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ၂ဝ၁၇ မေလ ၅ ရက်နေ့က ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ဦးဆောင်သောအဖွဲ့၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြုဖွံ့ဖြိုးရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ မီဒီယာအဖွဲ့များနှင့် အခြားဖိတ်ကြား ထားသူများ စုစုပေါင်း (၅၀၀) ကျော်ခန့် တက်ရောက်ခဲ့ ကြပါသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ  နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော် နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တိုု့က မိတ်ဆက်စကားပြောကြားခြင်းများ ပြုလုပ်ပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကျဉ်းချုပ်နှင့် မြို့နယ်ရွေးချယ်ရန်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခြင်း၊ အဖွဲ့ငယ် ၁ဝ ဖွဲ့ခွဲ၍ ဆွေးနွေးခြင်းဖြင့် စီမံကိန်းအတွက် အဆိုပြုမြို့နယ် ရွေးချယ်ခြင်း၊ အဖွဲ့အသီးသီးမှ တာဝန်ခံများက အဆိုပြုမြို့နယ် ရွေးချယ်ရခြင်းအကြောင်းကို ပြန်လည်တင်ပြခြင်း၊ အဖွဲ့လိုက်တင်ပြလာသည့် အဆိုပြု မြို့နယ်များအပေါ် အမှတ်ပေးတွက်ချက်၍ ရလဒ်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတက်ရောက်သူများ၏ ရွေးချယ်မှုအရ ကရင်ပြည်နယ်အတွင်း စီမံကိန်းခံစားခွင့်ရ မြို့နယ်အဖြစ် ဦးစားပေးအဆင့်အလိုက် ရွေးချယ်ခံရသည့် မြို့နယ် ၃ မြို့မှာ-

(၁)     ပထမဦးစားပေး         –     လှိုင်းဘွဲ့မြို့နယ်

(၂)     ဒုတိယဦးစီးပေး          –     ကော့ကရိတ်-မြို့နယ်

(၃)     တတိယဦးစီးပေး        –      သံတောင်ကြီးမြို့နယ်

တို့ ဖြစ်ပါသည်။